Friday, September 30, 2011

စိတ်အားဖြည့် စကားစုလေးများ (၄)...











သံသရာကြွေး မတင်ပါစေနဲ့…

အခုဘ၀မှာတောင် အတိတ်ဘ၀တွေက လုပ်ခဲ့တဲ့အကြွေးတွေကို ကျေအောင်မဆပ်နိုင်သေးဘဲ လက်ရှိလုပ်နေတဲ့ ကိုယ့်ရဲ့မကောင်းတဲ့ လုပ်ရပ်တွေကြောင့် နောက်ထပ် ပေးဆပ်ရမယ့် သံသရာနဲ့ချီတဲ့ အကြွေးတွေ ထပ်တိုးနေမယ်ဆိုရင်တော့ အကြွေးကင်းရာ နိဗ္ဗာန်နဲ့ကတော့ ဝေးပြီးရင်းဝေးရင်း ဖြစ်နေပါလိမ့်မယ်။ ကိုယ့်ရဲ့လုပ်ရပ်တစ်ခုဟာ စေတနာပါပါနဲ့ လုပ်လိုက်မိရင် အကြွေးဖြစ်စေပါတယ်။ အကြွေးဆိုရင်တော့ ပေးဆပ်ရမှာပါ။ ထုံးစံအတိုင်း ပေးဆပ်တဲ့အခါ အရင်းရော အတိုးရော ပေးဆပ်ရသလို ဘာမှမဟုတ်ပါဘူးဆိုပြီး လုပ်လိုက်တဲ့ မကောင်းတဲ့ လုပ်ရပ်တစ်ခုဟာ သူ့ရဲ့တန်ပြန် အကျိုးပေးကို ခံရတဲ့အခါမှာ ပေးဆပ်ရတဲ့ အတိုးက ဖော်မပြနိုင်အောင် များပါတယ်။ တစ်ချို့အတိုးတွေဆို အောက်ကနေ ပြန်မတက်နိုင်လောက်အောင်၊ ဘုရားပွင့်သော်လည်း ဘုရားသာသနာနဲ့ ကြုံခွင့်မရအောင်၊ အကြွေးဆပ်ပြီးပြန်တော့လည်း ကောင်းတဲ့သုဂတိဘ၀မှာ ကောင်းကောင်းမွန်မွန် မဖြစ်သေးဘဲ အိုနာကျိုးကန်းအဖြစ် ပြန်ဖြစ်အောင်အထိ အပိုပေးဆပ်လိုက်ရတာတွေ ရှိပါတယ်။ အတိုးပေါ် အတိုးထပ်တဲ့ သဘောပါပဲ။ ဒါဟာ မကောင်းတဲ့ လုပ်ရပ်တစ်ခုကြောင့် ပေးဆပ်ရတဲ့ အကုသိုလ်အကြွေးရဲ့ သဘောပဲ ဖြစ်ပါတယ်။ စာလိုပြောတော့ ကံကံရဲ့အကျိုးပဲပေါ့။

ရုပ်ကိုပဲပြင် စိတ်မပြင်လျှင်…

အပုတ်ကောင် ဖြစ်နေတဲ့ ဒီရုပ်ဟာ နေ့စဉ်ပြင်နေရပါတယ်။ နေ့စဉ်သန့်ရှင်းအောင် လုပ်နေရပါတယ်။ တစ်နေ့မပြင်ရင် တစ်နေ့အနံ့ထွက်နေတာ ဆိုတော့ နေ့တိုင်းနေ့တိုင်း မရိုးနိုင်အောင်ကို ပြင်နေရပါတယ်။ မပြင်ဘဲ ထားမယ်ဆိုရင်လည်း ခန္ဓာကိုယ်မှာရှိတဲ့ အပေါက်တွေက ထွက်လာသမျှ အရာဟာ ဘာတစ်ခုမှ ကောင်းတာမရှိတော့ ရွံရှာဖွယ်ပဲ ဖြစ်နေပါတော့တယ်။ ဒါကလည်း ဒီရုပ်တရားဟာ အကောင်ပုတ်ဆိုတာ သိနိုင်တဲ့ အသိဉာဏ်ရှိမှ ဖြစ်မှာပါ။ တစ်ချို့ မသိကြတော့ ဒီအပုတ်ကောင်ဖြစ်တဲ့ ရုပ်ကောင်ကိုပဲ အဟုတ်ထင်ကာ မာနတွေ ၀င်နေကြပါတယ်။ အပေါ်ယံအရေပြားကို ရွှေအလား ထင်မှတ်ပြီး အမျိုးမျိုးနဲ့ ချယ်သနေကြပါတယ်။ နောက်ဆုံးတော့ ပြင်မဆုံးဖြစ်နေတဲ့ ဒီရုပ်ဟာ သေရင်ထားခဲ့ရမယ့် အကောင်ပုတ်ဆိုတဲ့ အမည်ပညတ်တစ်ခုပဲ ဖြစ်နေပါတယ်။ ဒါကို မသိတော့ ဟန်ဆောင်မှုများနဲ့အတူ အခိုက်အတန့်သာဖြစ်တဲ့ ပြင်ထားတဲ့ရုပ်အပေါ် အစွဲတရားတွေနဲ့ အလွဲအမှား စိတ်ထားတွေအထိ ဖြစ်နေကြတာ ဖြစ်ပါတယ်။ ရုပ်ကိုအမှီပြုပြီး စိတ်ပါဒုက္ခ ဖြစ်နေကြပါတယ်။ ရုပ်ကို သန့်ရှင်းအောင် လုပ်နေပေမယ့် စိတ်ကို မသန့်ရှင်းမိကြတော့ အကုသိုလ် အညစ်အကြေးတွေနဲ့ လောဘမျက်နှာ၊ ဒေါသမျက်နှာ၊ မောဟမျက်နှာ၊ မာနမျက်နှာ၊ ဣဿာ၊ မစ္ဆရိယ မျက်နှာတွေအဖြစ် ပြောင်းပြောင်းနေကုန် ပါတော့တယ်။ လှချင်လို့ မျက်နှာကို ခွဲစိပ်ပြုပြင် အလှဆင်ပေမယ့် ပိုပိုလှမလာဘဲ ကိလေသာလွှမ်းတဲ့ မျက်နှာတွေနဲ့ အိုအိုလို့သာ ပိုပြလာပါတော့တယ်။ ဒါကြောင့် လှချင်လို့ ပြင်ကြရင်လည်း ရုပ်ကိုလည်းပြင် စိတ်လည်းပြင်ကြပါလို့ ဆိုခြင်းဖြစ်ပါတယ်။ ရုပ်မလှပေမယ့် စိတ်လှနေရင် လူလည်းလှလို့ အခုဘ၀မှာရော သံသရာမှာပါ အလှတရားတွေ ပိုင်ဆိုင်နေရမှာ အမှန်ပဲ ဖြစ်ပါတယ်။

အကြွေးဆပ်ရင်း အကြွေးမထပ်ပါစေနဲ့…

အကြွေးဆပ်နေရတဲ့ ကိုယ့်ဘ၀ကို မမေ့ကြပါနဲ့။ အတိတ်ဘ၀တစ်ခုခုက တင်ကျန်လာတဲ့ အကြွေးတွေကို ဒီဘ၀မှာ လာဆပ်ရင်း အကြွေးပေါ် အကြွေးမထပ်အောင်၊ အတိုးပေါ် အတိုးမထပ်အောင် ကြိုးစားကြဖို့လိုပါတယ်။ ဒီလိုကြိုးစားတဲ့အခါ တစ်ဘ၀တစ်နပ်စာကို ကြည့်ပြီး ဖြစ်သလို မလုပ်ကြပဲ သံသရာနဲ့ချီကာ ပေးဆပ်ရမယ့် အတိုးကြွေးကို တွေးလို့ ကြိုးစားလုပ်ကိုင်ကြဖို့ လိုပါတယ်။ မကောင်းတဲ့ စိတ်စေတနာနဲ့ လုပ်တဲ့လုပ်ရပ်များရဲ့ အကြွေးအတိုးဟာ ကြောက်စရာ ကောင်းလောက်အောင် ကြီးမားတယ်ဆိုတာ သဘောပေါက်ပြီး ဘာပဲလုပ်လုပ် ကောင်းတဲ့စိတ် စေတနာလေးတွေနဲ့ လုပ်ကြရပါမယ်။ သေချာတာကတော့ အကြွေးရှိရင် ဆပ်ရမယ်ဆိုတာပါပဲ။ အဓိကကတော့ “အကြွေးဆပ်ရင်း အကြွေးထပ်နေသူများ မဖြစ်စေကြဘဲ အကြွေးဆပ်ရင်း အကြွေးမထပ်အောင်သာ ကြိုးစားကြဖို့”ပါပဲ။

စိတ်အညစ်အကြေး စိတ်နဲ့ဆေး…

မြတ်ဗုဒ္ဓကတော့ စိတ်ကို အထူးသတိပြုဖို့ အမြဲမိန့်တော်မူပါတယ်။ စိတ်ကိုပြင်ဖို့ အမြဲတိုက်တွန်းတော် မူပါတယ်။ ရုပ်ကို သန့်ရှင်းအောင် ပြုပြင်ကြသလို စိတ်ကိုလည်း သန့်ရှင်းအောင် ပြုပြင်ကြဖို့ အထူးဟောတော်မူပါတယ်။ ရုပ်မှာ အညစ်အကြေးတွေ စွန်းထင်လာတဲ့အခါ သန့်ရှင်းအောင် ဆေးကြောပေးရသလို စိတ်မှာ အညစ်အကြေးတွေ ဖြစ်ရင်လည်း သန့်ရှင်းအောင် ဆေးကြောပေးကြဖို့ ညွန်ပြတော်မူပါတယ်။ “ရေကြောင့်ဖြစ်တဲ့ ရွှံ့ပေရင် ရေနဲ့ဆေးမှပဲ သန့်ရှင်းသွားတတ်သလို၊ စိတ်ကြောင့်ဖြစ်တဲ့ အညစ်အကြေးဟာလည်း စိတ်နဲ့ဆေးမှပဲ သန့်ရှင်းနိုင်ကြောင်း..” ဆုံးမတော်မူပါတယ်။ အရင်းစစ်တော့ စိတ်မညစ်စေဖို့ပါပဲ။ စိတ်မှာ အညစ်အကြေးတွေ မဖြစ်ဖို့ပါပဲ။ အကယ်၍ စိတ်မှာသာ အညစ်အကြေးဖြစ်ပြီး စိတ်ညစ်နွမ်းပြီဆိုပါက ရုပ်ကို ဘယ်လောက်ပဲ လှအောင်ပြင်နေပါစေ အကျိုးမပြီး အချည်းနှီးပဲ ဖြစ်နေတတ်ကြောင်း သတိပြုကြဖို့ လိုအပ်လှပါတယ်။

ရုပ်ကိုလည်းပြင် စိတ်လည်းပြင်…

နေ့စဉ်နေ့စဉ် ရုပ်ကိုပြင်နေကြသလို စိတ်ကိုလည်း တစ်နေ့ထက် တစ်နေ့ ကောင်းတဲ့စိတ်၊ ကိလေသာနည်းတဲ့စိတ်၊ ဒေါသနည်းတဲ့စိတ်၊ မာနနည်းတဲ့စိတ်၊ မနာလိုမှု၊ ၀န်တိုမှု နည်းတဲ့စိတ်လေးတွေ ဖြစ်အောင် မမေ့မလျော့ မပေါ့မဆတဲ့ သတိတရားနဲ့ ပြုပြင်ပေးကြည့်ကြဖို့၊ စိတ်ကြောင့် ဖြစ်ပေါ်လာတတ်တဲ့ အညစ်အကြေးများကို စိတ်နဲ့ပဲ သန့်ရှင်းအောင် ဆေးကြောပြုပြင်ပေးကြဖို့၊ ရုပ်ကိုပြင်ဖို့ အချိန်၊ လူ၊ ငွေ၊ ပစ္စည်းစတာတွေနဲ့ အားစိုက်ကြိုးစား ပြုပြင်ကြသလို စိတ်ကိုလည်း သီလ၊ သမာဓိ၊ ပညာသတိတရားများနဲ့ ကြိုးစားအားထုတ်ကာ ပြုပြင်ပေးကြဖို့ ဆုံးမဟောကြား ပေးကြခြင်း ဖြစ်ပါတယ်။ ဖြစ်သင့်တာကတော့ ရုပ်ကိုလည်းပြင် စိတ်လည်းပြင်တတ်ကြဖို့ပဲ ဖြစ်ပါတယ်။

ခလုပ်မထိခင် အမိတပါ…

ခလုပ်ထိမှ အမိတလို့ ဆိုကြပေမယ့် ခလုပ်ထိအောင် စောင့်မနေကြဘဲ ခလုပ်မထိခင် ပြင်ဆင်ကြဖို့ လိုပါတယ်။ အမိတ,ချင်ရင် အမိက မ,နိုင်ချိန်မှာ တ,နိုင်အောင် ကြိုးစားကြဖို့ပါ။ ခလုပ်ဆိုတာ သွားရင်းလာရင်းနဲ့လည်း အသွားမတော်ရင် အချိန်မရွေး ထိနိုင်တဲ့အတွက် သွားရင်းသွားရင်း အမိမကယ်နိုင်တဲ့ အဝေးရောက်မှ ခလုပ်ထိလို့ အမိတ,မယ်ဆိုရင် အမိလည်း မ မ,နိုင်ပါဘူး။ ကိုယ်ထူကိုယ်ထ ဆိုသလို ကိုယ်ထူပြီး ကိုယ်ထမှ ဖြစ်မှာပါ။ အဓိကကတော့ ထိမှတ,တာထက် မထိခင် ကြိုတင်ပြီး မထိအောင် သတိပြုဆင်ခြင်တာက ပိုကောင်းပါတယ်။

ကျင့်ယူပါ..

လောကီပိုင်းမှာပဲ ဖြစ်ဖြစ် လောကုတ္တပိုင်းမှာပဲ ဖြစ်ဖြစ် တောင့်တနေဖို့ထက် လက်တွေ့လုပ်ဆောင် ကျင့်ကြံနေဖို့က အရေးကြီးပါတယ်။ ရချင်တာကို တောင်းပြီးယူတာထက် လုပ်ပြီးယူတာက လက်တွေ့ကျကာ တန်ဘိုးရှိပါတယ်။ တောင်းတဲ့အခါ တောင်းတိုင်းမရနိုင်ပေမယ့် ကျင့်ကြံနိုင်ရင်တော့ ကျင့်ကြံတဲ့အတိုင်း ရနိုင်ပါတယ်။ သူများပေးမှကမ်းမ ရမယ့်အရာကို စောင့်မျှော်တောင့်တ မနေဘဲ ကိုယ်ကိုယ်တိုင် ကြိုးစားလုပ်ကိုင်ပြီး ရတာက ပိုပြီးအဓိပ္ပါယ် ပြည့်ဝပါတယ်။ ဒါကြောင့် တောင်းတယ်ဆိုတာဟာ အတောင်းမတော်ရင် အမုန်းရတတ်တဲ့အပြင် ကုသိုလ်ရေးနဲ့ ပတ်သက်ပြီး ဆုတောင်းမတော်ရင် တဏှာရဲ့ ချယ်လှယ်မှုနဲ့ နိမ့်ကျတဲ့ ဘ၀ကို ရောက်စေနိုင်တဲ့အတွက် ဘာပဲဖြစ်ဖြစ် တောင်းမနေကြဘဲ ကိုယ်ကိုယ်တိုင် ကြိုးစားအားထုတ်မှု၊ ကျင့်ကြံကျိုးကုတ်မှုတွေနဲ့ လက်တွေ့ရအောင် လုပ်ယူကျင့်ယူကြပါလို့ တိုက်တွန်းခြင်း ဖြစ်ပါတယ်။

မရှိတောင့်တ ရှိကြောင့်ကြ…

စည်းစိမ်ဥစ္စာ၊ ရာထူးဌာနန္တရ၊ ဂုဏ်ပကာသနတွေဟာ မရှိရင်လည်း တောင့်တတတ်သလို ရှိရင်လည်း ကြောင့်ကြနေရတတ်တဲ့ အတွက် စိတ်အလိုအတိုင်း လိုချင်တာနောက်ပဲ လိုက်မနေကြဖို့၊ ရရှိလာတဲ့ အရာများအပေါ်မှာလည်း စိုးရိမ်ကြောင့်ကြမှုများနှင့် အလွန်အကျွံဖြစ်ကာ တွေးတောပူပင်မှု မများကြဖို့၊ ဒုက္ခဆိုတာ မရှိလည်းဖြစ်၊ ရှိလည်းဖြစ်တဲ့အတွက် မရှိတဲ့အခါမှာလည်း မရှိတဲ့အတိုင်းအတာနဲ့ လိုချင်တောင့်တမှုကို ထိန်းချုပ်ပြီး ရှိတဲ့အခါလည်း ရှိတဲ့အပေါ်မှာ မာနမ၀င် သတိထင်ကာ စိုရိမ်ကြောင့်ကြမှု မများကြဖို့၊ မရှိတောင့်တ ရှိကြောင့်ကြတတ်တဲ့ စည်းစိမ်ဥစ္စာ ရာထူးဌာနန္တရ ဂုဏ်ပကာသနတွေ ရှိခြင်း မရှိခြင်းအပေါ်မှာ အကြောင်းပြုကာ ဖြစ်ပေါ်လေ့ရှိတဲ့ ဒုက္ခအပေါင်းကို သတိပညာနှင့် စဉ်းစားဆင်ခြင် အသိဝင်ကြဖို့ လိုပါတယ်။

အာရုံနောက်ကို စိတ်မလိုက်စေနဲ့..

လောကမှာ ဒုက္ခအပေးဆုံး အရာဟာ စိတ်ပဲလို့ ဆိုကြသလို ဒီစိတ်ကြောင့် ကိုယ်အပါအ၀င် သတ္တ၀ါတွေဟာ ဒုက္ခပင်လယ် ဝေနေကြတာပါ။ အဲဒါ သူများက ဒုက္ခပေးလို့ မဟုတ်ဘဲ ကိုယ့်စိတ်က ကိုယ့်ကိုပြန်ပြီး ဒုက္ခပေးလို့ ဖြစ်တာပါ။ လက်တွေ့ဘ၀မှာပဲ ကြည့်ကြည့်လေ စိတ်က ဒုက္ခပေးနေတော့ တွေ့သမျှ အဆင်း၊ အသံ၊ အနံ့စတဲ့ အာရုံတွေအပေါ်မှာ လိုက်ပြီးကိုယ်ပါ ဒုက္ခဖြစ်နေတာ။ သိတဲ့အတိုင်းပဲ စိတ်က သူကြိုက်တဲ့ အဆင်း၊ အသံ၊ အနံ့စတာတွေဆို ခဏခဏ လိုချင်နေပြီး သူမကြိုက်တဲ့ အဆင်း၊ အသံစတာဆို ထစ်ခနဲဆို စိတ်တိုလိုက်၊ စိတ်ကောက်လိုက်၊ စိတ်ညစ်လိုက် ဖြစ်နေပြန်ပါတယ်။ ပိုဆိုးတာက ဒီစိတ်က တစ်သမှတ်တည်း မရှိတာပါ။ လိုရင်တစ်မျိုး မလိုရင်တစ်မျိုး အမျိုးမျိုးဖြစ်နေတာပါ။ စိတ်ကကြိုက်လို့ လိုချင်နေတာကို ကိုယ်ကပါလိုက်ပြီး နေလို့ကတော့ ရှာပေတော့လို့ပဲ ပြောရမလိုဖြစ်နေတယ်။ ဆုံးကို မဆုံးနိုင်တော့ပါဘူး။ ဒါကြောင့် စိတ်က ကြိုက်ကြိုက် မကြိုက်ကြိုက် သူ့ကို အဲဒီအဆင်း၊ အသံစတဲ့ အာရုံနောက်ကို မလိုက်အောင် ထိန်းဖို့ပြောကြတာ ဖြစ်ပါတယ်။

ပျက်စီးချိန်တန်လို့ ပျက်စီးနိုင်ပေမယ့်..

ဖြစ်ခြင်းပျက်ခြင်း၊ အောင်မြင်ခြင်း ရှုံးနိမ့်ခြင်း၊ ချမ်းသာခြင်း ဆင်းရဲခြင်း စတာတွေဟာ လောကဓံတရားများ ဖြစ်သလို အကြောင်းအကျိုး ဆက်စပ်နေတဲ့ တရားများလည်း ဖြစ်တဲ့အတွက် အချိန်တန်ရင် မလွဲမသွေ ကြုံတွေ့ရမယ် ဆိုတာကို နားလည်သဘောပေါက်ထားဖို့် လိုအပ်ပါတယ်။ အပျက်မှမဟုတ် အဖြစ်လည်း အချိန်ကာလကျလာရင် ဖြစ်လာတတ်၊ ရောက်လာတတ်တယ်ဆိုတာ သိရှိထားပြီး အကောင်းပဲဖြစ်ဖြစ် အဆိုးပဲဖြစ်ဖြစ် ဖြစ်သမျှကို “ဒါလည်းပဲ ပြီးသွားမှာပါပဲ” ဆိုတဲ့ ခံယူချက်နဲ့ အမှတ်သတိ မပြတ်ရှိကာ ရင်ဆိုင်နိုင်အောင် ကြိုးစားကြဖို့ပဲ ဖြစ်ပါတယ်။ ဒီလို အကောင်းအဆိုး လောကဓံကို ခံနိုင်ခြင်းဟာ မင်္ဂလာတစ်ပါးဖြစ်ပြီး ဘ၀အောင်မြင်တိုးတက်ရေးရဲ့ အဓိက သော့ချက်ဖြစ်ပါတယ်။ ဒါကြောင့် ပျက်စီးချိန်တန်လို့ ပျက်စီးနိုင်ပေမယ့် ပျက်စီးမှုနှင့် ကြုံတွေ့တဲ့အခါ မမေ့မလျော့ မပေါ့မဆတဲ့ သတိတရားနဲ့ ရဲရဲရင်ဆိုင် ကျော်လွားနိုင်ရင် အထိနာ အကျနာ သက်သာနိုင်မှာဖြစ်လို့ ပညာတရား၊ သတိတရား မမှားရအောင် အကျင့်တရား မချွတ်သွားးဘဲ ကြိုးစားကျင့်ကြံ နေထိုင်ဖို့ တိုက်တွန်းကြခြင်း ဖြစ်ပါတယ်။

အရှင် ၀ိစိတ္တ (မနာပဒါယီ)
http://www.venvicitta.com/

Facebook စာမျက်နှာ
http://www.facebook.com/note.php?note_id=164040486949574

No comments:

Post a Comment