Sunday, October 2, 2011

စိတ်အားဖြည့် စကားစုလေးများ (၇)







ခွင့်လွတ်စေချင်…

ဘာပဲဖြစ်ဖြစ် ခွင့်လွတ်ကြည့်စေချင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ခွင့်မလွတ်နိုင်ဘဲ ရန်ငြိုးဖွဲ့ကြရာမှ ဖြစ်ပေါ်ခဲ့တဲ့ အပြန်အလှန် အငြိုးအတေး အာဃာတ၊ ကလဲ့စားချေမှုတွေဟာ သံသရာကို ရှည်ကြာစေပြီး လွတ်မြောက်ရာအမှန် နိဗ္ဗာန်နဲ့ ဝေးနေတတ်လို့ပဲ ဖြစ်ပါတယ်။ ပုဂ္ဂိုလ်တစ်ဦးချင်းရဲ့ ကိုယ်ပိုင်လွတ်လပ်ခွင့်အရ ခွင့်မလွတ်ဘဲ နေလို့ရပါတယ်။ ဒါပေမယ့် ခွင့်မလွတ်ဘဲ နေခြင်းရဲ့ နောက်ကွယ်မှာ ဖြစ်ပေါ်လာမယ့် ရလာဘ်တွေအတွက်တော့ ကိုယ်ကိုယ်တိုင်ပဲ ပြန်ခံရမှာဖြစ်ပါတယ်။ သံသရာအဆုံးသတ်ဖို့ ကိုယ်လုပ်တဲ့ ကောင်းကံ၊ မကောင်းကံတွေကို အဆုံးသတ်မှ ဖြစ်မှာပါ။ အငြိုးအတေးတွေနဲ့ လုပ်နေကြတဲ့ လုပ်ရပ်တွေကို ခွင့်လွတ်သီးခံမှုနဲ့ အဆုံးသတ်မှပဲ ပြီးဆုံးကြမှာပါ။ ကံတွေကို ဉာဏ်နဲ့ဖြတ်မှပဲ သံသရာလည်မှုက ရပ်မှာဖြစ်ပါတယ်။ အဲလိုမှ မဟုတ်ဘဲ ခံလိုက်ရလို့ မကျေနပ်ချက်တွေနဲ့ ခွင့်မလွတ်နိုင်ဘူးဆိုပြီး အငြိုးအတေးတွေထားကာ ပြန်လည်တုံ့ပြန်ကြမယ် ဆိုရင်တော့ ကိုယ့်အတွက်လည်း အတုံ့အလှည့် ပြန်ဖြစ်ကာ သံသရာအဆက် ရှည်ကြာလျက်ပဲ နေဦးမှာ ဖြစ်ပါတယ်။

အူမ,တောင့်ရေး ဦးစားမပေးသင့်…

“အူမ,တောင့်မှ သီလစောင့်”ဆိုတဲ့ စကားပုံကို အကြောင်းပြပြီး အူမ,တောင့်ရေး ဦးစားပေးနေသူတွေ ရှိပါတယ်။ ဘုရားရှင်ကတော့ “သီလမလုံခြုံဘဲ နှစ်ပေါင်းတစ်ရာကျော် အသက်ရှင်ပြီး နေရတာထက် သီလလုံခြုံပြီး တစ်နေ့တစ်ရက် တစ်မနက်မျှ အသက်ရှင်၍ နေရတာက ပိုမြတ်ကြောင်း…” မိန့်တော်မူပါတယ်။ ဘုရားရှင်အလိုအရ အူမ,တောင့်အောင် ကြိုးစားရင်း အူမ, တောင့်လာတဲ့အတွက် အသက်တွေ ရာထောင်မက ရှည်နေပေမယ့် သီလမလုံခြုံရင် အဲဒီပုဂ္ဂိုလ်ရဲ့ အသက်ရှင်နေမှုဟာ အနှစ်မရှိတဲ့ အသက်ရှင်နေမှုပဲ ဖြစ်ပြီး အူမ,မတောင့်လို့ အသက်မရှည်ပေမယ့် သီလလုံခြုံပြီး နေသွားရမယ်ဆိုရင် အဲဒီနေရတဲ့ အခိုက်ဟာ အနှစ်ရှိတဲ့အခိုက်၊ တန်ဘိုးရှိတဲ့အခိုက်လို့ နားလည်သဘော ပေါက်နိုင်ပါတယ်။ အကျင့်သီလလုံခြုံရေးဟာ အဓိကဖြစ်ပြီး စားဝတ်နေရေးဟာ တဒင်္ဂအခိုက်အတန့်မျှသာ ဖြစ်ပါတယ်။ သီလနဲ့ယှဉ်လာရင် အသက်ပင် စွန့်လွတ်တဲ့အထိ ထိန်းသိမ်းသင့်ပါတယ်။ သေချာတွေးကြည့်ရင် သံသရာအဆက်ဆက်၊ ငတ်ခဲ့တာတွေ များခဲ့သလို အကြိမ်ကြိမ် သေခဲ့ပေါင်းလည်း များခဲ့ပါပြီ။ အူမ,မတောင့်လို့ သေမယ်ဆိုရင်လည်း အကြိမ်ကြိမ် သေခဲ့ဖူးပြီးသား ဖြစ်တဲ့အတွက် ဒီတစ်ဘ၀ ထပ်သေလည်း မထူးပါဘူးလို့တောင် ဆိုနိုင်ပါတယ်။ သီလမလုံဘဲ သီလသေရင်တော့ အူမ,မတောင့်လို့ ဒီဘ၀မှာ သေရတာထက် အဆပေါင်းမြောက်များစွာ မကောင်းတဲ့အကျိုးတွေနဲ့ ပိုလို့တောင် အူမ,မတောင့် ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ဘာပဲဖြစ်ဖြစ် သီလကို ဦးစားပေးကြဖို့ ဆုံးမတော်မူခြင်း ဖြစ်ပါတယ်။

တကယ့်ရှက်စရာ…

လောကမှာ အရှက်လွဲနေတဲ့သူတွေ တော်တော်များပါတယ်။ ရှက်စရာ မဟုတ်တဲ့အရာတွေမှာ ရှက်နေပြီး ရှက်ရမယ့်အရာတွေကျတော့ မရှက်ဘဲ ဖြစ်နေတတ်တာတွေ အများကြီး ရှိပါတယ်။ လောကီနယ်ပယ်မှာ ရှိနေကြတဲ့ ရုပ်ပိုင်းဆိုင်ရာ ပြည့်စုံမှု၊ မပြည့်စုံမှု၊ ပညာတတ်မှု၊ မတတ်မှု၊ ဂုဏ်ရှိမှု မရှိမှုတွေဟာ တကယ်တော့ ရှက်စရာတွေ မဟုတ်ဘဲ ကိုယ်ကျင့်တရားတွေ ပျက်စီးတာ၊ လောက၀တ်တွေ ဖောက်ပျက်တာ၊ ဓမ္မ၀တ်တွေ ချွတ်ယွင်းတာ စတာတွေကသာ တကယ့်ရှက်စရာတွေပဲ ဖြစ်ပါတယ်။ ပိုပြီး ရှက်စရာကောင်းတာက ကိုယ်အမှားလုပ်မိတာကို မသိဘဲ အမှားကို အမှန်လို့ ထင်ပြီး ဘယ်သူဘာပြောပြော ကိုယ်ကအမှန်ဆိုတဲ့ တစ်ယူသန် အစွဲနဲ့ ဇွတ်အတင်း မဟုတ်တာကို ကိုင်စွဲထားတဲ့ အချက်ပဲ ဖြစ်ပါတယ်။ ရှက်တတ်မယ်ဆိုရင် ကိုယ့်ကိုယ်ကို ပြန်ပြီး ရှက်သင့်ပါတယ်။ ကိုယ်လုပ်တာ ကိုယ်အသိဆုံး ဖြစ်တဲ့အတွက် ကိုယ်မကောင်းတာ လုပ်တဲ့အခါလည်း ဘယ်သူမှ မသိဘူးဆိုပေမယ့် သေချာတွေးကြည့်ရင် ကိုယ်ကိုယ်တိုင်က သိနေတာဖြစ်လို့ ကိုယ့်ကိုယ်ကို ပြန်ရှက်နေရမယ့် အဖြစ်ပါ။

မန်းတောင်ရိပ်ခို..

“အသက်လေးရယ် ရှည်စေလို မန်းတောင်ရိပ်ကိုခို” ဆိုတဲ့ စကားကို နားလည်မှုအမှားနဲ့ အသက်ရှည်ချင်ရင် မန္တလေးတောင်ရိပ်ကို သွားရောက်ပြီး ခိုခိုင်းတယ်လို့ ထင်တတ်ကြပါတယ်။ တကယ်တော့ ဒီမှာပြောတဲ့ မန်းတောင်ရိပ်ဆိုတာ မန္တလေးတောင်ရဲ့ အရိပ်ကို ဆိုလိုတာ မဟုတ်ပါဘူး။ မန်းဆိုတဲ့ ငါးပါးသီလ၊ တောင်ဆိုတဲ့ သူတော်ကောင်းတရား ခုနှစ်ပါးနဲ့ ရိပ်ဆိုတဲ့ သတိပဋ္ဌာန်တရား လေးပါးတွေကို ဆိုလိုတာဖြစ်ပါတယ်။ ဒီတရားတွေကို လိုက်နာကျင့်သုံးပြီး ဒီတရားအရိပ်မှာ ခိုလုံစေတာကို ပြောတာပဲ ဖြစ်ပါတယ်။ အမှန်တော့ ဘယ်နေရာမှာပဲ နေနေ၊ ဘယ်လိုအခြေအနေမျိုးမှာပဲ ဖြစ်ဖြစ် ဒီမန်းတောင်ရိပ်ဆိုတဲ့ တရားတွေနဲ့သာ နေနိုင်မယ်ဆိုရင်တော့ တကယ့်ကို အသက်ရှည်ပြီး အခက်ဝေကာ ရမ္မက်ပြေမယ့် မန်းတောင်ရိပ်ကြီးမှာ နေနေတာပဲ ဖြစ်ပါတယ်။ ဒါကြောင့် တကယ့်ခိုရမယ့် မန်းတောင်ရိပ်တွေဖြစ်တဲ့ သီလတရား၊ သူတော်ကောင်းတရားနဲ့ သတိပဋ္ဌာန်တရားတွေကိုသာ ခိုနိုင်အောင် ကြိုးစားကြပါလို့ ဆိုခြင်းဖြစ်ပါတယ်။

ရှက်တတ်မယ်ဆိုရင်…

အရက်မသောက်တဲ့ သူတွေက အရက်သောက်တာ တစ်ခုလောက်ကိုပဲ ရှက်စရာလို့ ထင်တတ်ကြပါတယ်။ တကယ်တော့ ရှက်တတ်မယ်ဆိုရင် အရက်သောက်တာမှ မဟုတ်ပါဘူး။ မကောင်းမှုမှန်သမျှ ရှက်ရမယ့် အရာတွေပဲ ဖြစ်ပါတယ်။ သူ့များအသက်သတ်တာ၊ သူများပစ္စည်းခိုးတာ၊ သူများသားမယား ပြစ်မှားတာ၊ အိမ်ထောင်ရေးဖောက်ပြန်တာ၊ လိမ်ညာပြောဆိုတာ စတာတွေဟာလည်း ရှက်ရမယ့် အရာတွေပါပဲ။ ဒါတင်ပဲလားဆိုတော့ မဟုတ်သေးပါဘူး။ လူတစ်ဦးနဲ့ တစ်ဦးအဆင်မပြေဖြစ်အောင် ဂုံးတိုက်တာ၊ ယုတ်မာရိုင်းစိုင်းပြီး ကြမ်းတမ်းတဲ့ စကားကိုပြောဆိုတာ၊ သူ့အတွက်လည်း အကျိုးမရှိ ကိုယ့်အတွက်လည်း အကျိုးမရှိတဲ့ စကားမျိုးကို ပြောဆိုတာ စတာတွေကလည်း ရှက်စရာတွေပါပဲ။ ပြီးတော့ သူတပါးအပေါ် အဘိဇ္ဈာပွားတာ၊ သူတပါးစည်းစိမ် ဥစ္စာ ပျက်စီးရာ ပျက်စီးကြောင်း ကြံစည်တာ၊ အယူဝါဒ လွဲမှားတာတွေဟာလည်း ရှက်စရာတွေထဲမှာ ပါနေပါတယ်။ ဒီလို မကောင်းတဲ့ အလုပ်တွေနဲ့ ပျော်မွေ့နေတာတွေကမှ တကယ့်ရှက်စရာတွေ ဖြစ်နေတာပါ။ ဒါကြောင့် ကိုယ်တကယ် ရှက်ရမယ့် အရာတွေမှာ မရှက်ဘဲ မရှက်ရမယ့် အရာတွေမှာ ရှက်နေတတ်တဲ့ အရှက်လွဲနေသူတွေ အနေနဲ့ လွဲနေတာတွေကို အချိန်မီ အသိဝင်ကာ ရှက်သင့်တာတွေကို ရှက်ပြီး ရှောင်ရှားနိုင်အောင် ကြိုးစားဖို့ လိုတယ်လို့ ဆိုခြင်း ဖြစ်ပါတယ်။

ရေလိုက်လွဲနေခြင်း…

အရက်ဆိုတာ သောက်ခါစကတော့ ကိုယ်က သူ့ကိုသောက်တာပါပဲ။ နောက်တော့ သူက ကိုယ့်ကို ပြန်သောက်လာပါတယ်။ သူ့ကို မသောက်ရရင် မနေနိုင်အောင်ကို သူက ချည်နှောင်လာပါတယ်။ ဘယ်လောက်ထိ ချည်နှောင်လာလဲဆိုရင် ဘာမှမသိတဲ့ အထိကို ချည်နှောင်လာတာပါ။ အရက်က ကိုယ့်ကို သောက်နေတာကို သောက်မှန်းမသိတော့ တစ်လွဲဆံပင်ကောင်းပြီး အကောင်းကို မကောင်းထင်၊ မကောင်းကို အကောင်းထင်ကာ ရေလိုက်လွဲကုန်တာ ဖြစ်ပါတယ်။ အရက်သောက်မှ လူရာဝင်တယ်၊ မိတ်ဆွေအပေါင်းအသင်း ပေါတယ်၊ ခေတ်မှီတယ်ဆိုတဲ့ အတွေးတွေနဲ့ အလိုက်လွဲနေကြတာ ဖြစ်ပါတယ်။ တစ်လွဲအတွေးတွေနဲ့ ကိုယ့်ကိုယ်ကို “သောက်သောက်စားစား၊ လူ့မင်းသား”လို့ ထင်နေကြတာ ဖြစ်ပါတယ်။ ပိုက်ဆံရှိတုန်း၊ အလုပ်ရှိတုန်း၊ သန်တုန်းမြန်တုန်း၊ မသေခင်တုန်းတော့ လူ့မင်းသားလို့ ထင်ချင်ထင်ကြမှာပေါ့။ အဲ… ပိုက်ဆံလည်းမရှိ၊ အလုပ်လည်းမရှိ၊ ကုသိုလ်လည်းမရှိ၊ သီလလည်း မရှိရင်တော့ ကိုယ့်စကားနဲ့ကို လူ့ငနွားပြန်ဖြစ်တတ်တယ် ဆိုတာတော့ သတိပြုကြဖို့ လိုပါတယ်။

အစမလုပ်မိပါစေနဲ့…

မကောင်းတဲ့အလုပ်ဆိုတာ လုပ်ပါများရင် အဲဒီမကောင်းမှုကို မကောင်းမှုလို့ မမြင်တော့ဘဲ နေ့စဉ်ပုံမှန် လုပ်နေကျ အလုပ်တစ်ခုလိုထင်ပြီး ပျော်ပျော်ပါးပါး လုပ်နေမိတတ်ပါတယ်။ အသေးအဖွဲ မကောင်းမှုလေးဆိုပေမယ့် လုပ်ပါများရင် ကြီးလာတတ်ပါတယ်။ လုပ်နေကျ ဖြစ်သွားရင်လည်း အကုသိုလ်လို့ မထင်တတ်ပြန်ပါဘူး။ ငါးတွေခုတ်ထစ်ပြီး ရောင်းနေတဲ့ ငါးစိမ်းသယ်တွေလို့ပေါ့။ ငါးအရှင်တွေကို သတ်ပြီး ခုတ်ထစ်ပါများလာတော့ အကုသိုလ်လို့ မမြင်တော့ဘဲ နေ့စဉ်အလုပ်တစ်ခုလို ထင်ပြီး သီးချင်းလေးတစ်အေးအေးနဲ့ ပျော်ပျော်ပါးပါး လုပ်နေမိတော့တာပါ။ ဒါကြောင့် မကောင်းတဲ့အလုပ်ဆိုတာ အသေးအဖွဲလေးက စပြီး အစမလုပ်မိဖို့ လိုတယ်လို့ ဆိုခြင်းဖြစ်ပါတယ်။

တကယ်သတ်ချင်ရင်…

လောကကြီးမှာ ကိုယ့်ကိုယ်ကို ပြန်သတ်လေ့ရှိကြတဲ့ သူတွေရှိပါတယ်။ ဒါဟာ လွဲမှားတဲ့ လမ်းစဉ်ဖြစ်ပါတယ်။ တကယ်သတ်သင့်တဲ့ ကိုယ်တွင်းကိလေသာတွေကို မသတ်ဘဲ ရုပ်တရားဖြစ်တဲ့ ဒီခန္ဓာကိုယ်ကြီးကို သတ်နေလို့ကတော့ အလေ့ကျပေါက်တဲ့ မျက်ပင်တွေလို သတ်လေရှင်လေ၊ ဖြတ်လေတက်လေပဲ ဖြစ်နေမှာ ဖြစ်ပါတယ်။ အမှန်တကယ် ဒုက္ခတွေကို ငြီးငွေ့လို့ ဒုက္ခငြိမ်းရာ ရောက်အောင် သတ်ချင်တယ်ဆိုရင်တော့ ခန္ဓာကိုယ် ရုပ်တရားတွေကို သတ်နေလို့ မရပါဘူး။ ကိုယ့်ရဲ့ကိုယ်တွင်းမှာ ဖြစ်ပေါ်နေတဲ့ လောဘ၊ ဒေါသ၊ မောဟစတဲ့ ကိလေသာတရားများကို သတ်မှတကယ့် ဒုက္ခငြိမ်းမှာ ဖြစ်ပါတယ်။ အပြင်ပိုင်းရုပ်တရားတွေကို သတ်ဖို့လွယ်ပေမယ့် အတွင်းကိလေသာ တရားများကိုတော့ သတ်ဖို့ခက်လှပါတယ်။ ဒီအတွင်း ကိလေသာတွေကို သတ်ဖို့အတွက်ကတော့ ဉာဏ်လက်နက်တစ်ခုနဲ့ပဲ သတ်နိုင်ပါလိမ့်မယ်။ ၀ိပဿနာအားထုတ်လို့ ဖြစ်ပေါ်လာတဲ့ ဉာဏ်လက်နက် တစ်ခုတည်းနဲ့ပဲ ဒီအတွင်း ကိလေသာတွေကို အမြစ်ပြတ် ချေမှုန်းသတ်ဖြတ်နိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကို ပြန်သတ်ကြရာမှာ ကိုယ့်ရဲ့ရုပ်တရားကို ပြန်သတ်ဖို့ မဟုတ်ဘဲ အတွင်းမှာရှိတဲ့ ကိလေသာတရားတွေကို သတ်ရမှာလို့ ဆိုခြင်းဖြစ်ပါတယ်။

ဒါနလေးနဲ့တော့…

မြန်မာဗုဒ္ဓဘာသာ အများစုဟာ ဒါနလုပ်ရတာကို သဘောကျ ကျေနပ်တတ်ကြပါတယ်။ ဘယ်လောက်အထိ ကျေနပ်ကြသလဲဆိုရင် ဒါနလုပ်နေရရင် အားလုံးပြီးပြည့်စုံပြီလို့ ဆိုကြတဲ့အထိ ကျေနပ်တတ်ကြပါတယ်။ အဲဒါကောင်းတာပေါ့။ ဘာပြောစရာရှိလို့လဲဆိုတော့ ဒါနလုပ်တာ မကောင်းဘူးလို့ ဆိုတာမဟုတ်ပါဘူး။ ကောင်းပါတယ်။ ဒါပေမယ့် အဓိကကျတဲ့ သီလ၊ ကုသိုလ်နဲ့ ဘာဝနာကုသိုလ်တွေကို ပိုပြီး ကြိုးစားအားထုတ်သင့်တယ်လို့ ဆိုလိုချင်တာ ဖြစ်ပါတယ်။ ဒါနတွေ ဘယ်လောက်ပဲလုပ်လုပ် သီလမလုံခြုံရင် မကောင်းတဲ့ဘုံတွေမှာ ပြန်ဖြစ်နိုင်သလို၊ ဘာဝနာ မပါပြန်ရင်လည်း လွတ်မြောက်မှုနဲ့ အလှမ်းဝေးနေပြန်ပါတယ်။ ဒါကြောင့် အဓိကကျတဲ့ သီလကို လုံအောင်ထိန်းပြီး ဒါနလေးနဲ့ရံကာ ဘာဝနာပါတွဲလိုက်ကြဖို့ အထူးသတိပေး တိုက်တွန်းရခြင်း ဖြစ်ပါတယ်။ သီလလုံမှ ဒါနအကျိုးပေး ကောင်းနိုင်သလို သီလလုံမှလည်း ဘာဝနာဉာဏ် အဖြစ်မြန်ပါတယ်။ ဒါကြောင့် ဒါနလုပ်တာ ကောင်းပေမယ့် ဒါနတစ်ခုတည်းတော့ မကောင်းနိုင်ဘူးလို့ ဆိုခြင်းဖြစ်ပါတယ်။ သီလ၊ ဘာဝနာပါတွဲကြဖို့ အသိပေးလိုရင်း ဖြစ်ပါတယ်။

ဒါနသီလဘာဝနာ စုံပါလေမှ..

သီလလုံရင် အပါယ်လုံပြီး ဒါနပါရင် ချမ်းသာလာကာ ဘာဝနာပွားရင် တဏှာပါးမှာ ဖြစ်တဲ့အတွက် သီလကို အခြေခံတဲ့ ဒါန၊ ဘာဝနာတွေကို အစုံပါအောင် လုပ်နိုင်အောင် ကြိုးစားသင့်ပါတယ်။ ဒီလို ဒါန၊ သီလ၊ ဘာဝနာ စုံပါလေမှ ကြုံလာလေသမျှ ဒုက္ခတွေက အမှန်မသွေ အကုန်ခွာလေမှာ ဖြစ်ပါတယ်။

အရှင်ဝိစိတ္တ (မနာပဒါယီ) http://www.venvicitta.com

Facebook စာမျက်နှာ

http://www.facebook.com/note.php?note_id=166687150018241

No comments:

Post a Comment