Sunday, October 2, 2011

စိတ်အားဖြည့်စကားစုလေးများ (၅)







အလိုကျချင်ရင် မလိုကြနဲ့…

လူတိုင်းလူတိုင်း တစ်ခုခုတော့ အလိုမကျ ဖြစ်တတ်ကြပါတယ်။ တကယ်တော့ အလိုမကျ ဖြစ်တယ်ဆိုတာ အလိုရှိနေကြလို့ပဲ ဖြစ်ပါတယ်။ အလိုရှိနေတဲ့အတွက် ကိုယ်လိုတဲ့အတိုင်း မဖြစ်တော့ အလိုလို အားမရဖြစ်ကာ မလိုချင်တာရပြီး အလိုမကျ ဖြစ်ကုန်တာပဲ ဖြစ်ပါတယ်။ လိုနေသမျှ အလိုမကျ ဖြစ်နေမှာ အမှန်ပါပဲ။ လိုချင်ဖြစ်ချင်တာတွေ များလေလေ အလိုမကျတာတွေ များလေလေပဲ ဖြစ်နေမှာပါ။ ဘာဖြစ်လို့လည်းဆိုတော့ ဖြစ်ချင်တိုင်း ဖြစ်လို့မရတဲ့ လောကမှာ ဖြစ်နေတဲ့အတွက်ကြောင့်ပဲ ဖြစ်ပါတယ်။ ဖြစ်ချင်တာ ဖြစ်နေမယ်ဆိုရင် မမြဲခြင်းသဘော မရှိတော့ဘဲ မြဲခြင်းသဘောပဲ ရှိနေမှာ ဖြစ်ပေမယ့် လောကကြီးဟာ မြဲတာတစ်ခုမှ မရှိဘဲ မမြဲတာတွေပဲ ရှိနေလေတော့ အတ္တမဟုတ်၊ အနတ္တဆိုတာ အထင်အရှား ဖြစ်စေပါတယ်။ ဒါကို မသိတဲ့အတွက်ကြောင့် ဖြစ်ချင်မှုလိုချင်မှုတွေနဲ့ ဖြစ်ချင်လိုချင်နေကြလို့လည်း သတ္တ၀ါတွေဟာ လိုတာမရဘဲ အလိုမကျ ဖြစ်ကုန်ကြတာ ဖြစ်ပါတယ်။ ဒါကြောင့် “အလိုကျချင်ရင် မလိုကြနဲ့”လို့ ဆိုခြင်းဖြစ်ပါတယ်။

အသိအကျင့် ထပ်တူဖြစ်မှ…

သညာသိနဲ့ ပညာသိ၊ တစ်နည်းအားဖြင့် စာအသိနဲ့ အကျင့်အသိ၊ သို့မဟုတ် လေ့လာသိနှင့် ကျင့်ကြံသိများဟာ နည်းမှန်လမ်းမှန်နဲ့ သိထားဖို့ လိုပါတယ်။ ပိဋကတ်စာပေနဲ့ လောကီပညာရပ်တွေကို ကောင်ကောင်းသိရှိနေရုံနဲ့ မလုံလောက်ဘဲ အဲဒီအသိနောက်ကို အကျင့်ပါလိုက်ဖို့် လိုအပ်ပါတယ်။ အကျင့်အားသန်လို့ အကျင့်ကို ကြိုးစားအားထုတ်တဲ့ အခါမှာ နည်းမှန်လမ်းမှန်နဲ့ အကျင့်မှန်ရန် လိုအပ်ပါတယ်။ တစ်ပိုင်းတစ်စ အကျင့်မျှလောက်နဲ့ မှန်တယ်လို့ ယူဆပြီး အဟုတ်မထင်ဖို့် သတိပြု ဆင်ခြင်ရပါမယ်။ အဲလိုမှ မဟုတ်ရင် စာသမားလည်း အကျင့်မပါက မာန်ထောင်မိတတ်သလို အကျင့်သမားလည်း စာအသိမရှိ၊ အကျင့်မမှန်ပါက အဆုံးမရောက်ဘဲ တလွဲမာန ၀င်တတ်ပါတယ်။ အဲဒီလို အသိရောအကျင်ပါ့ နဲနဲလေးလောက်နဲ့ ကိုယ့်ကိုယ်ကို အဟုတ်ထင်ကာ မာန၀င်မိပါက အမှန်မနီး အချည်းနှီးဖြင့် ဆင်းရဲအတိဖြစ်ကာ အပါယ်အထိပင် သက်ဆင်းနိုင်တတ်ပါတယ်။ ဒါကြောင့် ပိဋကတ်အစွယ် မထောင်ဘဲ အပါယ်ဘောင်မှ ရှောင်နိုင်ကြစေရန် အသိနဲ့အကျင့် ထပ်တူဆင့်ရန် ကြိုးစားသင့်ကြပါတယ်။

ကိုယ့်ကိုယ်ကိုစစ် ကံမပြစ်နှင့်…

လောကမှာ အဆိုးတွေကြုံတိုင်း ကိုယ်ကိုယ်ကို မစစ်ဘဲ ကံနိမ့်နေတယ်ဆိုကာ ဟိုမေးဒီမေး ဟိုလုပ်ဒီလုပ် လိုက်လုပ်တတ်တဲ့ သူတွေရှိပါတယ်။ ကိုယ်အားကိုယ်ကိုးဖို့ထက် သူများကို သွားအားကိုးမိတတ်ကြပါတယ်။ ကိုယ့်ကိုယ်ကို မယုံဘဲ သူများကို သွားယုံပြီး သူပြောတဲ့အတိုင်း လိုက်လုပ်နေတတ်ကြပါတယ်။ တကယ်တော့ ဗုဒ္ဓဘာသားများဟာ ယုံကြည်မှုကို စူးစမ်းဆင်ခြင်မှုနဲ့ ပေါင်းစပ်ဆင်ခြင်သင့်ပါတယ်။ နေရာတကာ အယုံကြည် မလွယ်သင့်ပါဘူး။ ဘယ်သူမပြု မိမိမှုဆိုသလို သေချာတွေးကြည့်ရင် အဆင်ပြေမှု မပြေမှုဆိုတာ ကိုယ်ကိုယ်တိုင် လုပ်ခဲ့တဲ့ လုပ်ရပ်တွေရဲ့ အကျိုးရလာဘ်ပါပဲ။ အကောင်းအဆိုး ဆိုတာက လူတိုင်းကြုံတွေ့ရမယ့် လောကဓံပါ။ လောကမှာ ရှိနေရင်တော့ အကောင်းတွေနဲ့ ကြုံနေတတ်ရသလို အဆိုးတွေလည်း ရောက်နေမှာပါပဲ။ ဒီလောကဓံကို ဘာပဲလာလာ ခံနိုင်ရည်ရှိအောင် လုပ်ရမှာ ကိုယ်ကိုယ်တိုင်ပါ။ ကိုယ့်ရဲ့ လုပ်ရပ်တွေကို ကိုယ်ဆင်ခြင်ရမှာပါ။ အဲဒါကို ကိုယ့်ကိုယ်ကို အားမကိုးဘဲ သူများသွားအားကိုးတော့ “ကံနိမ့်နေတာ အိမ်မှာကိုးကွယ်ထားတဲ့ ကျောက်ဆင်းတုတော်က ခိုက်လို့ပါ၊ အဲဒီဆင်းတုကို သွားစွန့်လိုက်ပါ” ဆိုလို့ ခိုင်းတဲ့အတိုင်း လုပ်ရင်းက ကိုယ်ပါအပြစ်ဖြစ်ကာ ဘုရားမကြောက်၊ ကံမကြောက် ဖြစ်ကုန်တဲ့ သူတွေရှိပါတယ်။ နောက်ဆုံးတော့ အားကိုးအရှာလွဲပြီး ဗေဒင်ဆရာ၊ လောကဓာတ်ဆရာတွေကို အားကိုးမိလို့ အဲဒီဆရာများ ရိုက်တာခံရတဲ့အတွက် မလုပ်သင့်တဲ့ အကုသိုလ် အလုပ်ကို လုပ်ဖြစ်ကုန်တော့တာပါ။ အမှန်ဖြစ်သင့်တာက အဆိုးတွေ ကြုံနေ၊ အဆိုးတွေ များနေရင် အကောင်းကို များများလုပ်သင့်တာပါ။ အဆိုးတွေပြီးရင် အကောင်းတွေ လာလိမ့်မယ်ဆိုတဲ့ ခံယူချက်နဲ့ အဆိုးဒဏ်ကို ကြံ့ကြံ့ခံပြီး အကောင်းတွေပဲ ဖိလုပ်သင့်ပါတယ်။ အကောင်းတွေ လုပ်နေရင်း အဆိုးတွေ ကြုံခဲ့ရင်တောင် တအားဆိုးဆိုးဝါးဝါးတော့ မဖြစ်နိုင်ပါဘူး။ ဒီလိုမဟုတ်ဘဲ အဆိုးတွေကြုံလို့ သူများအားကိုးပြီး ခိုင်းတဲ့အတိုင်းလိုက်လုပ်မိရင် အဆိုးတွေဟာ ပိုပြီးဆိုးလာတတ်ပါတယ်။ အပါယ်လားစေနိုင်တဲ့ အဆိုးတွေအထိ ဖြစ်တတ်ပါတယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကို ပြန်စိစစ်ပါ၊ ကံကိုချည်းပဲ အပြစ်ပုံမချပါနဲ့လို့ ဆိုခြင်းဖြစ်ပါတယ်။

အနှစ်ရှိသော ကြီးရင့်ခြင်း..

တကယ်တော့ အသက်အရွယ်ကြီးတိုင်း အနှစ်ရှိတာ မဟုတ်ပါဘူး။ အသက်ရှင်ခိုက်မှာ အနှစ်ရှိအောင် နေထိုင်သွားနိုင်ခြင်းကသာ အနှစ်ရှိခြင်းဖြစ်ပါတယ်။ အနှစ်သာရရှိရှိနဲ့ တစ်ရက်တစ်မနက် နေထိုင်သွားနိုင်ခြင်းကသာ အနှစ်မရှိဘဲ နှစ်ပေါင်းတစ်ရာကျော် နေသွားခြင်းထက် သာလွန်ပါတယ်။ စာလိုပြောရရင် ကိုယ်ကျင့်တရားမကောင်း၊ ကုသိုလ်ကောင်းမှုမရှိဘဲ နှစ်ပေါင်းအကြာကြီး အသက်ရှင် နေရခြင်းထက် ကိုယ်ကျင့်သိက္ခာအပြည့်နဲ့ တစ်နေ့တစ်ရက် တစ်မနက်လောက် အသက်ရှင် နေထိုင်သွားရခြင်းက ပိုအနှစ်သာရရှိပါတယ်။ ကုသိုလ်ကောင်းမှုများနဲ့ တစ်နေ့တစ်မနက် နေ့ထိုင်ခြင်းကသာ အကုသိုလ်တရားများနဲ့ နှစ်ပေါင်းတစ်ရာကျော်မက အသက်ရှင် နေထိုင်ရခြင်းထက် သာလွန်ကောင်းမြတ်ပါတယ်။ ဒါကြောင့် တစ်ရက်ပြီးတစ်ရက် ကြီးရင့်သွားနေကြတဲ့ သတ္တ၀ါတွေဟာ အသက်အရွယ် ကြီးရင့်လာတာနဲ့အမျှ ကိုယ့်သန္တာန်မှာလည်း ကုသိုလ်အနှစ်သာရများ တိုးပွားနေအောင် ကြိုးစားနိုင်ကြရမှာ ဖြစ်ပါတယ်။ သေရမယ့်အချိန်ကို တဖြည်းဖြည်းကူးသွားနေတဲ့ ဘ၀ရဲ့ ကြီးရင့်ခြင်းဟာ ကုသိုလ်တရား၊ ကိုယ်ကျင့်တရားများနဲ့ အနှစ်ရှိတဲ့ ကြီးရင့်ခြင်းများဖြစ်ဖို့် လိုအပ်လှပါတယ်။ အဲဒီလိုဖြစ်အောင် အချိန်ရှိတုန်း ကြိုးစားကြဖို့လိုပါတယ်။

သူ့ကိုသတ်မှ တကယ်ပြတ်မှာ…

လောကမှာ တစ်ချို့လူတွေဟာ ဒုက္ခမျိုးစုံနဲ့ ကြုံတွေရတဲ့အခါ မခံမရပ်နိုင်ဖြစ်ပြီး နောက်ဆုံး ကိုယ့်ကိုယ်ကို အဆုံးစီရင်ကာ သတ်သေတဲ့အထိ ဘ၀ကို အရှုံးပေးတတ်ကြပါတယ်။ တကယ်တော့ ဒုက္ခတွေငြိမ်းဖို့ အတွက် ကိုယ့်ကိုယ်ကို သတ်သေလို့ မပြီးပါဘူး။ သူ့ကို သတ်နိုင်မှ ပြီးမှာ၊ ငြိမ်းမှာ၊ အဆုံးသတ်မှာပါ။ သူဆိုတာက တစ်ခြားမဟုတ်ပါဘူး။ ဒုက္ခတွေကို ဖြစ်စေတဲ့ တွယ်တာမှု သံယောဇဉ်လို့ခေါ်တဲ့ တဏှာပါ။ အမှန်ဒုက္ခငြိမ်းချင်ရင် ဒုက္ခဖြစ်ကြောင်း အကြောင်းတရားကို သတ်ရပါမယ်။ ဒီအကြောင်းတရားကို သတ်နိုင်မှ အကျိုးတရားဖြစ်တဲ့ ဒုက္ခက ငြိမ်းမှာပါ။ စာလိုပြောရင် သမုဒယသစ္စာလို့ခေါ်တဲ့ တွယ်တာမှု တဏှာကို ပယ်နိုင်မှ ဒုက္ခသစ္စာလို့ခေါ်တဲ့ ဆင်းရဲဒုက္ခအပေါင်းမှ ငြိမ်းအေးနိုင်မှာပါ။ ကြောင်းကျိုးဆက်စပ်မှု ပဋိစ္စသမုပ္ပါဒ်နည်း အရပြောရရင် မသိမှုအ၀ိဇ္ဇာ၊ တွယ်တာတပ်မက်မှု တဏှာတွေကြောင့် ဘ၀သံသရာ ကျင်လည်မှုတွေ တိုးပွားနေပြီး အဆုံးမရှိဖြစ်ကာ ဒီဒုက္ခသံသရာမှကင်းရာ နိဗ္ဗာန်နဲ့ ပိုပိုဝေးနေကြခြင်း ဖြစ်ပါတယ်။ တစ်ချို့က ဒီသဘောတရားကို တစ်လွဲနားလည်ပြီး ``ခန္ဓာရှိတဲ့အတွက် ဒီလိုဒုက္ခတွေ ကြုံနေရတာဖြစ်တယ်၊ ဒီခန္ဓာမရှိရင် ဒီဒုက္ခတွေလည်း ငြိမ်းမှာပဲ``ဆိုတဲ့ အတွေးနဲ့ ခန္ဓာမရှိအောင် ကိုယ့်ကိုယ်ကို သတ်သေတာတွေ လုပ်ကြပါတယ်။ ဒီနည်းဟာ အလွန်လွဲမှားတဲ့ နည်းပါ။ ဒီလို သတ်သေရုံနဲ့ ဒီဒုက္ခတွေက မငြိမ်းပါဘူး။ ဒီဘ၀အဆုံး သတ်သွားပေမယ့် နောက်ထပ်ဘ၀တစ်ခုက ထပ်ရနေဦးမှာပါ။ နောက်ထပ်ဘ၀ထပ်ရလို့ ခန္ဓာပြန်ရလာရင် ဒီဒုက္ခတွေကလည်း ထပ်ပြီးဖြစ်နေဦးမှာပါ။ အမှန်ဒုက္ခငြိမ်းချင်ရင် ဒီဒုက္ခတွေ ဖြစ်အောင် ခန္ဓာကိုယ်ကို ဖြစ်စေတတ်၊ ခန္ဓာအိမ်ကို ဖွဲ့တတ်တဲ့ တဏှာဆိုတဲ့ အကြောင်းတရားကိုသတ်မှ အမှန်ငြိမ်းမှာပါ။ ရရှိလာတဲ့ ခန္ဓာအစုဖြစ်တဲ့ ကိုယ့်ကိုယ်ကိုသတ်လို့ ဒုက္ခက မပြတ်ပါဘူး။ ဒီဒုက္ခကို ဖြစ်ပေါ်စေတဲ့ တဏှာဆိုတဲ့ သူ့ကိုသတ်မှ ဒုက္ခအမှန် ပြတ်မှာပါ။

နောင်တကင်းရာသို့…

လောကမှာ ရှိတဲ့ပုထုဇင်မှန်သမျှ နောင်တမရဖူးတဲ့သူ မရှိပါဘူး။ နဲနဲလေး၊ အခိုက်အတန့်လေးလောက် ဖြစ်ဖြစ် ရဖူးတဲ့သူတွေချည်းပါပဲ။ နောင်တ အားလုံးရဲ့ တရားခံဟာ လုပ်သင့်လုပ်ထိုက်တာကို မလုပ်မိလိုက်ခြင်းနဲ့ မလုပ်သင့် မလုပ်ထိုက်တာကို လုပ်မိလိုက်ခြင်းတို့ကြောင့်ပဲ ဖြစ်ပါတယ်။ အလွယ်ပြောရရင် ကိုယ်ကိုယ်တိုင်ရဲ့ အလုပ်တွေကြောင့်ပဲ ဖြစ်ပါတယ်။ နောင်တဖြစ်အောင် လုပ်တာလည်း ကိုယ်ပဲဖြစ်သလို နောင်တမဖြစ်အောင် လုပ်တာလည်း ကိုပဲဖြစ်ပါတယ်။ လုပ်သင့်တာကို မလုပ်မိတဲ့ နောင်တထက် ပိုဆိုးတာက မလုပ်သင့်မလုပ်ထိုက်တဲ့ အမှားကို ကျူးလွန်မိတဲ့အတွက် ဖြစ်ခဲ့ရတဲ့ နောင်တက ပိုဆိုးပါတယ်။ အမှားလုပ်မိတယ်ဆိုတာ အမှားအမှန်ကို မခွဲခြားနိုင်မိလို့ ဖြစ်ပါတယ်။ အမှားအမှန် မခွဲခြားနိုင်ခြင်းဟာ အငြိုးအတေး အာဃာတတွေနဲ့ စိတ်ဆိုးစိတ်တိုတတ်တဲ့ ဒေါသစိတ်တွေကြောင့် ဖြစ်ပါတယ်။ ဒေါသော အတ္ထံ နဇာနာတိလို့ ဆိုသလို ဒေါသဖြစ်ရင် အကြောင်းအကျိုး၊ အကောင်းအဆိုးကို မသိ၊ အမှားအမှန်ကို မခွဲခြားတတ် ဖြစ်တတ်ပါတယ်။ ဒါပေမယ့် ဒီနောင်တဟာ လွန်ကျူးမိပြီးမှ ဖြစ်တတ်ကြတာဆိုတော့ ကိုယ့်လုပ်ရပ်အတွက် ပြန်တော့ပေးဆပ်ရပါတယ်။ တကယ်လို့များ ဒီနောင်တတွေရဲ့ အကြောင်းဖြစ်တဲ့ အမှားကျူးလွန်မှုကို မလုပ်ဖြစ်ခဲ့ရင်၊ အမှားမကျူးလွန်ခင် စိတ်ကို ထိန်းနိုင်ခဲ့မယ်ဆိုရင် ဒီလို နောင်တရတဲ့အထိ ဖြစ်လာနိုင်စရာ အကြောင်းမရှိပါဘူး။ ဒါကြောင့် နောင်တမဖြစ်ချင်ရင် ဘာပဲဖြစ်ဖြစ် အမှားမကျူးလွန်မိခင် ကိုယ့်စိတ်ကို ထိန်းကြဖို့ ဆိုခြင်းဖြစ်ပါတယ်။

တုံ့ပြန်မှုကို တုံ့ပြန်မပြုနဲ့…

လူအမျိုးမျိုးရှိတဲ့အတွက် တုံ့ပြန်မှု အမျိုးမျိုးလည်း ရှိမှာပါပဲ။ ကြိုက်တဲ့လူက ကောင်းတာတွေနဲ့ တုံ့ပြန်မှာဖြစ်ပြီး မကြိုက်တဲ့သူကတော့ အဆိုးနဲ့ တုံ့ပြန်မှာ ဖြစ်ပါတယ်။ ဒါဟာ လောကဓံ သဘောပါပဲ။ လောကဓံရှစ်ပါးလုံး ကြုံရတတ်ပေမယ့် အများဆုံး ကြုံရတာက ကဲ့ရဲ့ခြင်း၊ ချီးမွမ်းခြင်းဆိုတဲ့ လောကဓံတွေပဲ ဖြစ်ပါတယ်။ လူတိုင်းလူတိုင်း ချီးမွမ်းခြင်း ခံဖူးကြသလို ကဲ့ရဲ့ခြင်းလည်း ခံဖူးကြပါတယ်။ ခံနေရဦးမှာပါပဲ။ မတူညီတဲ့သူ၊ မတူညီတဲ့ စရိုက်၊ မတူညီတဲ့ အတွေးအခေါ် ရှိနေတဲ့ သူတွေနဲ့ တွေ့နေသမျှတော့ ဒီလိုကဲ့ရဲ့ခြင်း၊ ချီးမွမ်းခြင်းဆိုတဲ့ မတူညီတဲ့ တုံ့ပြန်မှုတွေက ရှိနေကြမှာပဲ ဖြစ်ပါတယ်။ သဒ္ဓါတရား ဓာတ်ခံရှိတဲ့သူတွေဟာ ကောင်းတဲ့သဘောတွေနဲ့ တုံပြန်နေကြမှာဖြစ်ပြီး သဒ္ဓါတရား မရှိသူတွေကတော့ အဆိုးတွေနဲ့ တုံ့ပြန်ကြမှာ မလွဲပါဘူး။ ဒါဟာ ရှောင်လွဲမရတဲ့ လောကဓံပဲ ဖြစ်ပါတယ်။ အကောင်းဆုံးကတော့ ဘယ်လိုတုံ့ပြန်မှုမျိုးပဲလာလာ ခံနိုင်ရည်ရှိအောင် ကြိုးစားလိုက်ခြင်းဟာ အကောင်းဆုံးပါပဲ။ ဘယ်လိုတုံ့ပြန်မှုမျိုးလာလာ ကိုယ့်စိတ်ကို ကိုယ်မယိမ်းယိုင်အောင်၊ မတုန်မလှုပ် ခံနိုင်အောင် လေကျင့်နေထိုင်ခြင်းဟာ အကောင်းဆုံးပါပဲ။

ပျက်ပေမယ့် မဖျက်မိစေနဲ့…

လောကမှာ ပျက်စီးခြင်းနဲ့ ဖျက်စီးခြင်းလို့ နှစ်မျိုးရှိပါတယ်။ ပျက်စီးခြင်းဟာ အလိုအလျောက် သဘ၀အတိုင်း ဖြစ်တတ်တဲ့ သဘောဖြစ်ပြီး ဖျက်စီးခြင်းကတော့ ကိုယ်ကိုယ်တိုင်နဲ့ တစ်စုံတစ်ယောက်ရဲ့ ပယောဂကြောင့် ဖြစ်ပေါ်တတ်တဲ့ သဘောဖြစ်ပါတယ်။ ပယောဂပါလာရင် လုပ်ဆောင်ချက်ပါလာပြီး လုပ်ဆောင်ချက်ရှိလာရင် စေတနာလည်း ရှိလာနိုင်ပါတယ်။ စေတနာပါတဲ့ အလုပ်ဖြစ်ရင် ကံမြောက်လာနိုင်ပြီး ကံမြောက်လာရင် တန်ပြန်အကျိုးပေးမှုလည်း ရှိလာနိုင်ပါတယ်။ ပျက်စီးတတ်တဲ့ သဘောဖြစ်တဲ့အတွက် ပျက်စီးမှုမှာ ဘာမှု ထိခိုက်မှု မရှိနိုင်ပေမယ့် ဖျက်စီးမှုကြောင့် ပျက်စီးသွားတဲ့ သဘောဆိုရင်တော့ တန်ပြန်သက်ရောက်မှုကို ခံရမှာ ဖြစ်ပါတယ်။ စာပေမှာ ဗျသနခေါ် ပျက်စီးခြင်းတရား ငါးပါးရှိကြောင်း ဖော်ပြထားပါတယ်။ အဲဒီဗျသနတရားငါးပါးထဲမှာ ဉာတိဗျသန (အမျိုးများပျက်စီးခြင်း)၊ ဘောဂဗျသန (စည်းစိမ်ဥစ္စာများ ပျက်စီးခြင်း)၊ ရောဂဗျသန (အနာရောဂါကြောင့် ပျက်စီးခြင်း) တွေကြောင့် သတ္တ၀ါတွေကို အပါယ်ငရဲအထိ ကျရောက်မှုကို မဖြစ်စေပေမယ့် သီလဗျသန (သီလပျက်စီးခြင်း)၊ ဒိဋ္ဌိဗျသန (အယူဝါဒ ပျက်စီးခြင်း) တွေကြောင့်ကတော့ အပါယ်ငရဲအထိ ကျရောက်စေနိုင်ပါတယ်။ ဒါကြောင့် ပျက်စီးချိန်တန်လို့ ပျက်စီးကြတဲ့ သဘောတရားတွေမှာ တုန်လှုပ်မှု မရှိကြစေဘဲ ဖျက်စီးမှ ပျက်စီးတတ်တဲ့ ပျက်စီးမှုတွေကိုတော့ အကြောက်တရားနဲ့ မပျက်အောင် ထိန်းကြဖို့ လိုပါတယ်။

ကံကောင်းလိုသော်…

ကံကောင်းချင်တဲ့သူဟာ ကုသိုလ်များများလုပ်ဖို့ လိုပါတယ်။ ကုသိုလ်လုပ်ခြင်းဟာ အကောင်းလုပ်ခြင်း ဖြစ်တဲ့အတွက် အလုပ်ကောင်းခြင်းပဲ ဖြစ်ပါတယ်။ အလုပ်ကောင်းရင် အကျိုးပေးကောင်းမှာဖြစ်ပြီး အကျိုးပေးကောင်းခြင်းဟာ ကံကောင်းခြင်းပဲ ဖြစ်ပါတယ်။ ဒါဟာ ဘယ်သူကမှ လုပ်ပေးလို့ ဖြစ်လာခြင်း မဟုတ်ဘဲ ကိုယ်ကိုယ်တိုင် လုပ်ခဲ့ခြင်းကြောင့်ပဲ ဖြစ်ပါတယ်။ ဒါကြောင့် ကံကောင်းချင်ရင် ဘာဗေဒင် ယတြာမှ မလိုဘဲ ကုသိုလ်ကောင်းမှုပဲ များများဖိလုပ်ကြဖို့ လိုတယ်လို့ ဆိုခြင်းဖြစ်ပါတယ်။

အတုယူတတ်ဖို့လို….

လောကကြီးမှာ နေ့စဉ်ကျင်လည် ဖြတ်သန်းနေရတဲ့ လှုပ်ရှားမှုတွေကပဲ ယူတတ်၊ မြင်တတ်တဲ့ သူတွေအတွက် ကောင်းတာတွေ၊ ကုသိုလ်ဖြစ်စရာတွေ အများကြီး ဖြစ်နေ၊ ရှိနေတယ်ဆိုတာ သတိပြုမိကြဖို့ပါ။ ဘယ်လိုနေရာ၊ ဘယ်လိုအချိန်၊ ဘယ်လိုလူမျိုးဆီကမဆို ကောင်းတဲ့၊ ကုသိုလ်ဖြစ်စေမယ့် အရာတွေဆို အတုလိုက်ပြီး ကျင့်သုံးယူတတ်ဖို့နဲ့ အပြစ်ဖြစ်စေ၊ အကုသိုလ်ဖြစ်စေမယ့် အရာတွေဆို ရှောင်ပယ်နိုင်အောင် ကြိုစားကြဖို့ပါ။ အမှန်တော့ ဘယ်သူ့ကိုပဲကြည့်ကြည့်၊ ဘယ်နေရာမှာပဲ နေနေ ကောင်းတဲ့ဘက်က ကြည့်တတ်မြင်တတ် ယူတတ်ရင် ကုသိုလ်ဖြစ်နေတာပါပဲ။ ကုသိုလ်ဖြစ်အောင် ကြည့်တတ်၊ ကုသိုလ်ဖြစ်အောင် ယူတတ်ရင် ကုသိုလ်ဖြစ်နေတာပါပဲ။ စာလိုတော့ ယောနိသောမနသိကာရလို့ ဆိုပါတယ်။ ယောနိသောမနသိကာရဆိုတာ နှလုံးသွင်းမှန်ကန်တာကို ဆိုပါတယ်။ တစ်နည်းအားဖြင့် အကုသိုလ်မဖြစ်အောင် နှလုံးသွင်းတတ်တာကို ဆိုပါတယ်။ အကုသိုလ်မဖြစ်အောင် နှလုံးသွင်းဖို့ဆိုတာ အကုသိုလ်မဖြစ်အောင် ကြည့်တတ်၊ မြင်တတ်မှ ဖြစ်တာပါ။ ဒီလိုကြည့်တတ်ဖို့အတွက် အကောင်းမြင်တတ်တဲ့ အကျင့်ရှိမှ ဖြစ်ပါတယ်။ ဒါကြောင့် အကောင်းဘက်က ကြည့်တတ်မြင်တတ်ရင် အကုသိုလ်မဖြစ်ဘဲ အပြစ်အဖြစ် သက်သာပါတယ်။ ကောင်းတာကို ကြည့်တတ်တဲ့အတွက် ကောင်းတာလေးတွေမြင်ပြီး ကောင်းတာတွေ ယူလာတတ်ပါတယ်။ ဒါကိုပဲ အတုယူတာလို့ ဆိုနိုင်တာပေါ့။ ကောင်းတဲ့အတုလိုက်မှုပါပဲ။

အရှင်ဝိစိတ္တ (မနာပဒါယီ) http://www.venvicitta.com

Facebook စာမျက်နှာ

http://www.facebook.com/note.php?note_id=165465413473748


No comments:

Post a Comment