Monday, October 3, 2011

စိတ်အားဖြည့် စကားစုလေးများ (၁၀)











ရုပ်ဖောက်ပြန်တဲ့အခါ…

ဗုဒ္ဓစာပေမှာ ရုပ်တရား ဖောက်ပြန်မှုဟာ ကံ၊ စိတ်၊ ဥတု၊ အာဟာရ ဆိုတဲ့ အကြောင်းတရား လေးပါးမှာ တစ်ပါးပါးကြောင့် ဖောက်ပြန်တတ်တယ်လို့ ဆိုပါတယ်။ သတ္တ၀ါတစ်ဦးချင်း လုပ်ဆောင်ခဲ့တဲ့ အတိတ်ကံ ပစ္စုပ္ပန်ကံတွေကြောင့် ရုပ်တရား ဖောက်ပြန်တတ်သလို စိတ်ကြောင့်လည်း ဖောက်ပြန်တတ်ပါတယ်။ ပြီးတော့ ရာသီဥတုကြောင့်လည်း ဖောက်ပြန်တတ်သလို၊ အစားအစာတွေကြောင့်လည်း ဖောက်ပြန်တတ်ပါတယ်။ အဓိကကတော့ အစားအသောက်နဲ့ ပတ်သက်ပြီး ကိုယ့်ကိုယ်ကို ဆင်ခြင်ပြီး စားကြမယ်ဆိုရင် ရုပ်ဖောက်ပြန်မှုကို သိသိသာ ကာကွယ်နိုင်ပါတယ်။ လူအတော်များများ ရောဂါရပြီး ရုပ်ဖောက်ပြန်ကြတာလည်း ဒီအစားအသောက်တွေကြောင့်ပဲ ဖြစ်ပါတယ်။ ဒါကြောင့် အစားမတော်တစ်လုပ် အသွားမတော် တစ်လှမ်းလို့ ဆိုကြသလို အစာလည်းဆေး၊ ဆေးလည်းအစာလို့ ဆိုကြခြင်းလည်း ဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် ကံ၊ စိတ်၊ ဥတု၊ အာဟာရဆိုတဲ့ ဒီတရားလေးပါးကို ဉာဏ်နဲ့ယှဉ်ပြီး ကိုယ့်ရုပ်နဲ့အဆင်ပြေမယ့် အရာတွေကို ရွေးချယ်လိုက်နာ ကျင့်သုံး နေထိုင်ကြမယ်ဆိုရင် ရုပ်တရား ဖောက်ပြန်မှုကို အလွယ်တကူ ထိန်းသိမ်းနိုင်မှာ ဖြစ်ပါတယ်။

စိတ်ဖောက်ပြန်တဲ့အခါ…

စိတ်ဖောက်ပြန်မှုကတော့ သတ္တ၀ါ အသီးသီးမှာ ရှိနေကြတဲ့ လောဘ၊ ဒေါသ၊ မောဟ၊ မာန စတဲ့ ကိလေသာ တရားတွေကြောင့်ပဲ ဖြစ်ပါတယ်။ ဒီစိတ်ဖောက်ပြန်မှုကိုလည်း သမထဘာဝနာ၊ ၀ိပဿနာ ဘာဝနာ တရားများကို ကြိုးစားအားထုတ်ပေးခြင်းဖြင့် ထိန်းသိမ်းပြုပြင် ပေးလို့ရပါတယ်။ တရားအားထုတ်တဲ့ အလုပ်ဟာ ကြိုးစားအားထုတ်နိုင်ရင် အားထုတ်နိုင်သလောက် စိတ်ဖောက်ပြန်မှုကို ပြုပြင်ထိန်းသိမ်း ပေးနိုင်ပြီး နောက်ဆုံး ဉာဏ်စဉ်အမြင့်ဆုံးဖြစ်တဲ့ အရဟတ္တ မဂ်ဉာဏ်အထိ ရောက်ရှိခဲ့ပြီ ဆိုရင်တော့ ဘယ်တော့မှ ဖောက်ပြန်ခြင်း မရှိတော့တဲ့ သန္တိသုခကို ရရှိကြမှာ ဖြစ်ပါတယ်။ အဲဒီလို အဆုံးပန်းတိုင်အထိ မရောက်နိုင်သေးပေမယ့် တရားအားထုတ်ခြင်းဖြင့် ဒီဘ၀မှာလည်း စိတ်ဖောက်ပြန်မှု သက်သာအောင် လုပ်နိုင်သလို သံသရာမှာလည်း ချမ်းသာသုခကို ဖြစ်စေနိုင်မှာ ဖြစ်ပါတယ်။

ရွှေသဘောနဲ့ ရွှေမနော…

စိတ်မှာ အညစ်အကြေးတွေ မဖြစ်ဖို့ သမထဘာဝနာ၊ ၀ိပဿနာ ဘာဝနာ တစ်ခုခုကို ပွားများ အားထုတ်ကြဖို့ လိုပါတယ်။ တရားအားထုတ်နေတဲ့ ယောဂီဟာ စိတ်အညစ်အကြေးတွေကို တိုက်ဖျက်နေတဲ့သူ ဖြစ်တယ်လို့ ဆိုတဲ့အတိုင်း ဘယ်သူမဆို မကောင်းမှုမှာ ပျော်မွေ့တတ်တဲ့ ကိုယ့်ရဲ့စိတ်ကို ဂုဏ်တော်ပွားခြင်း၊ မေတ္တာပွားခြင်း စတဲ့ ကမ္မဋ္ဌာန်း တစ်ခုခုကို ပွားများပေးတာတို့ ရုပ်နာမ်မှာ ဖြစ်ပေါ်တတ်တဲ့ အရာတွေကို သတိကပ်ပြီး လိုက်မှတ်ပေးတဲ့ သတိပဋ္ဌာန် ၀ိပဿနာတရား အားထုတ်ပေးတာတို့ လုပ်ပေးခြင်းဖြင့် ကိုယ့်စိတ်ကို သန့်ရှင်းအောင် ကြိုးစားကြဖို့ လိုအပ်လှပါတယ်။ စိတ်ကို သမထ၊ ၀ိပဿနာ ဘာဝနာတွေနဲ့ ထုံလွှမ်းထားတဲ့ သူဟာ ကိလေသာ အညစ်အကြေးတွေရဲ့ တိုက်ခိုက်မှုကို ကာကွယ်ပြီးသား ဖြစ်တဲ့အတွက် သန့်ရှင်းပြီး ခွန်အားပြည့်တဲ့ စိတ်ကို ပိုင်ဆိုင်ထားတဲ့ ရွှေစိတ်ပိုင်ရှင်များပဲ ဖြစ်ပါတယ်။ အညစ်အကြေး ကင်းတဲ့ ရွှေရဲ့ သဘောဟာ လိုသလို တန်ဆာဆင်နိုင်သလို အညစ်အကြေးကင်းတဲ့ မနောဟာလည်း ကိလေသာကို ပယ်ခွာပြီး လိုရာကို အရယူနိုင်တဲ့ သဘောရှိတဲ့အတွက် တရားဘာဝနာ တစ်ခုခုကို အားထုတ်ရင်း ရွှေမနောပိုင်ရှင်များ ဖြစ်အောင် ကြိုးစားကြဖို့ပဲ ရှိပါတော့တယ်။

ရက်ရာဇာ၊ ပြဿဒါး…

ကောင်းတဲ့အလုပ်ကို လုပ်တဲ့အခါတွေဟာ ကောင်းတဲ့အခါ၊ ကောင်းတဲ့ရက်ကောင်း ရက်မြတ်များ ဖြစ်တဲ့အတွက် အချိန်မရွေး၊ နေရာမရွေး လုပ်ဖို့လိုကြောင်းနဲ့ မကောင်းတဲ့အလုပ် လုပ်နေတဲ့အခါတွေဟာ ဘယ်လိုအချိန်၊ ဘယ်လိုရက်မျိုးမှာ ရွေးပြီးလုပ်လုပ် မကောင်းတဲ့ ပြဿဒါးများပဲ ဖြစ်နေမှာဖြစ်လို့ အချိန်မရွေး၊ နေရာမရွေး မလုပ်ဘဲ နေနိုင်အောင် ကြိုးစားဖို့လိုကြောင်း ဆိုလိုရင်း ဖြစ်ပါတယ်။ ကောင်းမှုကုသိုလ်မှာ ပြဿဒါးဆိုတာ မရှိသလို မကောင်းမှု အကုသိုလ်မှာလည်း ရက်ရာဇာဆိုတာ မရှိတဲ့အတွက် ရက်ရာဇာ၊ ပြဿဒါးဆိုတာတွေဟာ ကိုယ်ကိုယ်တိုင်ရဲ့ ရွေးချယ်လုပ်ကိုင်မှုများသာ ဖြစ်ကြောင်း သိစေလိုရင်း ဖြစ်ပါတယ်။ ကိုယ်က အမြဲရက်ရာဇာတွေပဲ ဖြစ်ချင်တယ်ဆိုရင် ကောင်းတာတွေကို လုပ်နေဖို့လိုပြီး ရက်ကောင်းရက်မြတ်တွေ မလိုချင်ဘူးဆိုရင်တော့ မကောင်းတဲ့အလုပ်တွေနဲ့ နေလိုကနေနိုင်ကြောင်းနဲ့ အရာရာမှာ ကိုယ့်ရဲ့ရွေးချယ်မှုသာ အဓိကကျတယ်ဆိုတာ သဘောပေါက်စေလိုရင်း ဖြစ်ပါတယ်။

အပြစ်မြင်၍ အပြစ်ပြင်ပါ…

သေချာတွေးကြည့်ရင် လောကမှာ ပြည့်စုံတဲ့ သူဆိုတာ တစ်ယောက်မှ မရှိသလို၊ အပြစ်မလုပ်ဖူး၊ မမှားဖူးတဲ့ သူဆိုတာလည်း မရှိပါဘူး။ ဒါပေမယ့် အပြစ်ကို မမြင်သူတွေ၊ အပြစ်ကို အပြစ်လို့ သိအောင်ညွန်ပြပေးမယ့်သူ မရှိသူတွေကတော့ အများကြီး ရှိပါတယ်။ ပြီးတော့ အပြစ်ကို ညွန်ပြသူတွေ ရှိပေမယ့် အဲဒီအပြစ်ကို ၀န်ခံပြီး နောင်မဖြစ်အောင် ပြုပြင်နိုင်တဲ့ သူတွေလည်း ထင်သလောက် မရှိကြပြန်ပါဘူး။ ပိုဆိုးတာက အပြစ်ကို ပြောဆိုဆုံးမပေးဖို့ ဖိတ်ကြားပြောဆိုနိုင်တဲ့သတ္တိ မရှိသူတွေ၊ အပြစ်ကို ပြသပြောဆိုရင်လာရင် ကျေကျေနပ်နပ်နဲ့ ကျေးဇူးတင်စွာ လက်ခံနိုင်တဲ့သတ္တိ မရှိသူတွေ များနေတာပဲ ဖြစ်ပါတယ်။ အပြစ်ကို ပြောပြလာရင် ကျေးဇူးတင်စွာ လက်ခံပြီး နောင်မဖြစ်အောင် ကိုယ့်ကိုယ်ကို ထိန်းသိမ်းနေထိုင်၊ ပြုပြင်မယ်ဆိုတဲ့ ခံယူချက် မရှိလို့ကတော့ လောကကြီးမှာ သတ္တ၀ါတွေဟာ တစ်ယောက်နဲ့တစ်ယောက် ဘယ်တော့မှ ချမ်းချမ်းသာသာ နေထိုင်နိုင်ကြမှာ မဟုတ်ပါဘူး။ အပြစ်ပြသူကလည်း အပြစ်ချဖို့ ကြိုးစားနေ၊ အပြစ်အပြခံရသူကလည်း အပြစ်ကို မခံယူဘဲ ပြန်လှန်အပြစ်ပုံချဖို့ ကြိုးစားနေလို့ကတော့ ဘုရားရှင်ညွန်ပြတဲ့ ချမ်းချမ်းသာသာ နေထိုင်နိုင်ရေးနဲ့ အဝေးကြီးဝေးနေကြဦးမှာ ဖြစ်ပါတယ်။

အပြစ်ပြသူ ဆရာဟူလော့…

တကယ်တော့ အမှားများတတ်တဲ့ ပုထုဇဉ်ပုဂ္ဂိုလ်တွေအတွက် အပြစ်ကို ပြသပြောဆို ပေးမယ့်သူ ရှိနေတာကိုက နေတတ်မယ်ဆိုရင် ကျေနပ်စရာ ဖြစ်နေတာပါ။ ယူတတ်မယ်ဆိုရင် အပူသက်သာစရာ ဖြစ်နေတာပါ။ မြောက်ပင့်ပြီး ပေါင်းသင်းစားသောက်ကာ အပြစ်တစ်ခုခု ဖြစ်လာတဲ့အခါမှ ကိုယ့်အပေါ်ပုံချပြီး ရှောင်ထွက်သားတတ်တဲ့ သူတွေအများကြီး ရှိနေတာထက်စာရင် အမှားကိုထောက်ကာ အပြစ်ကို ပြသလမ်းညွှန်ပေးတဲ့သူ တစ်ယောက်နှစ်ယောက် ရှိနေတာက ပိုပြီးဘ၀ကို မြင့်စေတာ ဖြစ်ပါတယ်။ ရှေးက သူတော်ကောင်းကြီးများဆိုရင် အပြစ်ကိုထောက်ပြ ပြောဆိုပေးတတ်တဲ့ ဆရာများနဲ့ များများတွေ့ဆုံ ရပါလို၏လို့တောင် တောင်းဆုပြုကြတယ်လို့ ဆိုပါတယ်။ မသိမှုအားကြီးတတ်တဲ့ ပုထုဇဉ်တွေမှာ မသိတာကို သိအောင်ပြသပေးတဲ့သူ ရှိနေတာဟာ ဘ၀မှာ ဂုဏ်ယူစရာပဲ ဖြစ်ပါတယ်။

အဆင်မပြေ ဖြစ်ကြရာဝယ်…

ဒီနေ့ခေတ် လူတော်တော်များများ တစ်ဦးနဲ့တစ်ဦး အဆင်မပြေမှုများနှင့် ငြင်းခုံခိုက်ရန်ဖြစ်မှုများ အဖြစ်များ ကြခြင်းဟာ မေတ္တာတရား ခေါင်းပါးကြတဲ့ အတွက်ကြောင့်ပဲ ဖြစ်ပါတယ်။ တစ်ဦးနဲ့တစ်ဦး မေတ္တာမရှိကြတဲ့အခါ ချစ်တာလည်း မရှိကြဘဲ သစ္စာပါ မသိကြတဲ့အထိ ဖြစ်ကုန်တတ်ပါတယ်။ အတူနေတဲ့ သူအချင်းချင်း အကျိုးလိုလားမှု မေတ္တာ ကင်းလာကြတဲ့အခါ အဆိုးကိုသာ ဖြစ်စေတတ်ကြပါတယ်။ တစ်ဦးတစ်ယောက်အပေါ်မှာ မေတ္တာမရှိ ဖြစ်လာတဲ့အခါ အဲဒီသူဘယ်လိုပဲ ကောင်းနေပါစေ အကောင်းမမြင်တတ်ဘဲ ဖြစ်တတ်ပါတယ်။ အကောင်းမမြင်ရင် မကောင်းထင်တတ်ပြီး အစောင်းအမြင်နဲ့ မပေါင်းချင်တဲ့အထိ ဖြစ်လာတတ်ပါတယ်။ ဒါဟာ မေတ္တာ တရားမရှိတဲ့ အတွက်ပဲ ဖြစ်ပါတယ်။ ဒါကြောင့် မေတ္တာတရား မခေါင်းပါးကြဖို့ ဆိုခြင်းဖြစ်ပါတယ်။

အဝေးအနီး အရေးမကြီးပါ။ အရေးကြီးသည်မှာ

နီးတကျက်ကျက် ဝေးတစ်သက်လို့ မြန်မာစကားပုံမှာ ဆိုထားပေမယ့် လူအတော်များများ တစ်ဦးနှင့်တစ်ဦးကြား အဆင်မပြေ ဖြစ်ကြရခြင်းဟာ တကယ်တော့ အနီးမှာ အတူတကွ ရှိနေကြတဲ့ အတွက်ကြောင့် မဟုတ်သလို အစဉ်ပြေနေကြခြင်းဟာလည်း အဝေးမှာ ရှိနေကြတဲ့ အတွက်ကြောင့် မဟုတ်ဘဲ တစ်ဦးချင်းမှာ ရှိနေကြတဲ့ လောဘ၊ ဒေါသ၊ မောဟ၊ မာန၊ ဣဿာ၊ မစ္ဆရိယစတဲ့ တရားများ အားကြီးလာမှုနဲ့ ငြိမ်းချမ်းမှုကို ဖြစ်စေတတ်တဲ့ မေတ္တာတရား ခေါင်းပါးလာမှုများကြောင့်ပဲ ဖြစ်ပါတယ်။ မေတ္တာတရား မရှိကြရင် လူအချင်းချင်း ပြိုင်ဆိုင်လာတတ်ပြီး ပြိုင်ဆိုင်လာရင် အနိုင်ရလိုမှုလည်း အားကြီးလာတတ်တဲ့အတွက် သူ့ကိုယ်နှိပ် ကိုယ့်သူနှိပ်ကာ ပြိုင်လာခြင်းကြောင့် မညီညွတ်မှုကို ပိုမိုဖြစ်စေတတ်ပါတယ်။ မေတ္တာတရား ထားနိုင်ကြမယ်ဆိုရင်တော့ အချင်းချင်း နှိပ်စက်ခြင်းကင်းကာ ငြိမ်းချမ်းခြင်းကို ဖြစ်စေမှာ အမှန်ပဲ ဖြစ်ပါတယ်။ ဒါကြောင့် အဝေးအနီးဟာ အရေးမကြီးဘဲ မေတ္တာတရားသာ အရေးကြီးကြောင်း ဆိုခြင်းဖြစ်ပါတယ်။

အကောင်းမြင်တတ်ပါစေ...

အကောင်းမြင်တတ်ရင် အဲဒီအခိုက်အတန့်မှာ အကုသိုလ်အဖြစ် သက်သာမှာ အမှန်ပဲဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် အကောင်းဘက်က ရှုမြင်တတ်တဲ့အတွက် ကိုယ်စိတ်မှာလည်း အရင်ဆုံး ကောင်းတဲ့စိတ်များ ဖြစ်ပေါ်နေတတ်ပါတယ်။ အဆိုးမြင်တတ်တဲ့ သူတစ်ယောက်ဟာ အရာရာကို အဆိုးဘက်ကပဲ ကြည့်လေ့ရှိတတ်တဲ့အတွက် သူ၏စိတ်မှာလည်း အဆိုးများ၊ မကောင်းတဲ့ အတွေးများပဲ လွှမ်းမိုးထားပြီး သူကိုယ်တိုင်ပဲ အကုသိုလ် အပြစ်များ ဖြစ်နေတတ်တဲ့ သဘောရှိတတ်ပါတယ်။ အကောင်းဘက်က ရှုတတ်သူကတော့ အတွေးကောင်း၊ အမြင်ကောင်းများနဲ့ မြင်တတ်ကြည့်တတ်တဲ့အတွက် သူသန္တာန်တွင်မှာ ကောင်းတဲ့စိတ်ထားများ ဖြစ်နေတတ်ပါတယ်။ အမှားကို အမှန်ဖြစ်အောင် ကြည့်တတ်တဲ့ သဘောမျိုးမဟုတ်ဘဲ ကိုယ့်ကိုယ်ကို အပြစ်မဖြစ်အောင် သူတပါးရဲ့ ကောင်းကွက်လေးတွေကို ရှာကြည့်တတ်တဲ့ အလေ့အကျင့်မျိုးကို လေ့ကျင့်လေ့ရှိတဲ့ သူဟာ အမှန်ပဲ အကောင်းမြင်တတ်သူ ဖြစ်ပြီး အကုသိုလ် အဖြစ်နည်းသူ တစ်ယောက် ဖြစ်နိုင်ပါတယ်။ ဒါကြောင့် လူတိုင်းလူတိုင်း ကောင်းကွက်လေးများ တစ်ခုမဟုတ် တစ်ခု ရှိနေတတ်တာ ဖြစ်တဲ့အတွက် အဲဒီကောင်းကွက်လေးတေကို ရှာပြီး ကိုယ့်ကိုယ်ကို အပြစ်မဖြစ်အောင် ကြည့်တတ်မြင်တတ်၊ နှလုံးသွင်းတတ်ဖို့ လိုကြောင်း တိုက်တွန်းကြခြင်း ဖြစ်ပါတယ်။

စွမ်းလို့ မ, ခြင်းဖြစ်...

မြန်မာစကားပုံမှာ “လူမင်းဘုန်းကြီးလျှင် နတ်မင်းမနေနိုင်” ဆိုတဲ့ စကားရှိသလို “လူမစွမ်း နတ်မ”ဆိုတဲ့ စကားလည်း ရှိပါတယ်။ တကယ်တော့ လူမစွမ်းနတ်မဆိုတဲ့ စကားဟာ လူမစွမ်းလို့မဟုတ်ပါဘူး။ နတ်ကတောင် မ,ပေးရတယ် ဆိုကတည်းက အစွမ်းတစ်ခုခု ရှိနေလို့ပဲ ဖြစ်ပါတယ်။ အဲဒီအစွမ်းကတော့ တခြားအစွမ်းမဟုတ်ပါဘူး။ ပုညဆိုတဲ့ ကုသိုလ်အစွမ်းပဲ ဖြစ်ပါတယ်။ ကုသိုလ်အားကြီးရင် လူလည်းမနေနိုင်သလို နတ်လည်းမနေနိုင်ပါဘူး။ ကုသိုလ်ရှိတဲ့သူကို လူလည်းစောင့်ရှောက်သလို နတ်လည်းစောင့်ရှောက်ပါတယ်။ ဒီထက် တစ်ဆင့်တက်လို့ ပါရမီရှိတဲ့ ကုသိုလ်များသူ ဖြစ်မယ်ဆိုရင်တော့ ဘုရားရှင်များ ကိုယ်တောင်တိုင် ကြွရောက်ပြီး ချီးမြှောက်ပေးရပါတယ်။ ဒါဟာ သူကိုယ်တိုင် ပြုလုပ်ခဲ့တဲ့ ကုသိုလ်အစုများကြောင့်ပဲ ဖြစ်ပါတယ်။ ဒါကြောင့် နတ်မ,တယ်ဆိုတာ ကုသိုလ်အားကြီးတဲ့ သူများကိုပဲ မ,လေ့ရှိတဲ့အတွက် နတ်မ,စေချင်ရင် ကုသိုလ်ကောင်းမှု များများပြုကြပါလို့ ဆိုကြခြင်း ဖြစ်ပါတယ်။

အရှင်ဝိစိတ္တ (မနာပဒါယီ) http://www.venvicitta.com

Facebook စာမျက်နှာ

http://www.facebook.com/note.php?note_id=167006989986257

No comments:

Post a Comment