Monday, October 3, 2011

စိတ်အားဖြည့် စကားစုလေးများ (၈)












လက်သည်ချည်းပဲ အားကိုး၍ မဖြစ်…

“လက်သည်ချည်းပဲ အားကိုးမနေနဲ့၊ ကိုယ်ကိုယ်တိုင်လည်း ညှစ်ကြဦး”ဆိုတဲ့ မြန်မာစကားရှိပါတယ်။ တိုက်ရိုက်အဓိပ္ပါယ်ကတော့ မီးဖွားတဲ့ ကိုယ်ဝန်ဆောင်မိခင်ကို ရည်ညွန်းတာ ဖြစ်ပေမယ့် တစ်ဘက်မှာလည်း ကိုယ့်အစွမ်းအစနဲ့ အားထုတ်မှုကို မပြုလုပ်ဘဲ သူများကိုချည်း အားကိုးလေ့ ရှိသူတွေအတွက် ဥပမာပေး ပြောဆိုလေ့ရှိတဲ့ စကားပုံလေး ဖြစ်ပါတယ်။ အားကိုးလို့ ရမှန်းသိရင် အားကိုးတတ်ကြတဲ့ သတ္တ၀ါတွေရဲ့ သဘာဝအရ အားကိုးစရာကိုရှားရင်း အားကိုးများပြီး ကိုယ်ကိုယ်တိုင် အားထုတ်မှု နည်းပါးလာတတ်တဲ့အတွက် ကိုယ့်အားကိုယ်ကိုးစေရန် ရည်ရွယ်ကာ ဒီစကားပုံကို အသုံးပြုပြောဆို တိုက်တွန်းကြခြင်း ဖြစ်ပါတယ်။ ဆိုလိုတာက လောကမှာ ဘာပဲဖြစ်ဖြစ် အားကိုးရာဆိုတာ ရှိရမှာ ဖြစ်ပေမယ့် အားကိုးလွန်းရင်လည်း ကိုယ့်မှာဘာမှ မဖြစ်ပဲ ရှိတတ်တဲ့အတွက် သူများကိုလည်း အားကိုး၊ ကိုယ်ကိုယ်တိုင်လည်း အားထုတ်ကြဖို့ ဆိုလိုရင်း ဖြစ်ပါတယ်။ သူများချည်းပဲ အားကိုးနေလို့ မဖြစ်သလို၊ နည်းပြလမ်းညွှန်ပေးနိုင်မယ့် အားကိုစရာ လက်သည်မရှိပြန်ရင်လည်း မဖြစ်တဲ့အတွက် လက်သည်ရဲ့ အကူအညီကို ရယူရင်း ကိုယ်ကိုယ်တိုင်ရဲ့ ညှစ်ယူမှုနဲ့ လိုချင်တာကို ရအောင်ကြိုးစားရမှာ ဖြစ်ကြောင်း သိစေလိုရင်း ဖြစ်ပါတယ်။ လက်သည်ချည်းပဲ အားကိုးနေလို့ မဖြစ်ကြောင်းနဲ့ ကိုယ်ကိုယ်တိုင်လည်း ညှစ်ဖို့လိုကြောင်း နားလည်စေလိုရင်း ဖြစ်ပါတယ်။



အားကိုးမလွဲပါစေနဲ့…

ဒီနေ့ခေတ်မှာ သားသမီးဇနီးမယား၊ စည်းစိမ်ဥစ္စာ၊ ရာထူးဌာနန္တရတွေကို အားကိုးနေကြသူတွေ အများကြီးရှိပါတယ်။ သေချာတွေးကြည့်လိုက်ရင် ကိုယ်က အားကိုးရပါတယ်ဆိုတဲ့ သားသမီး ဇနီးမယား၊ စည်းစိမ်ဥစ္စာများဟာ တဒင်္ဂ အခိုက်အတန့်လောက်ပဲ အားကိုးလို့ရတဲ့ အရာတွေ ဖြစ်ပါတယ်။ ဒီပစ္စုပ္ပန်ဘ၀ မသေခင် ခဏလေးလောက်ပဲ အားကိုးလို့ ရနိုင်မှာဖြစ်ပါတယ်။ ဒါတောင်မှ မသေချာပါဘူး။ ကိုယ်အားကိုးရတယ်ဆိုတဲ့ သားသမီး စည်းစိမ်ဥစ္စာတွေဟာ တစ်ခါတစ်လေ ကိုယ့်အရင်တောင်မှ ပျက်စီးသွားတတ်ကြတာတွေ ရှိတတ်ပါတယ်။ ဘယ်အရာမှ မမြဲတဲ့အတွက်ကြောင့်လည်း ဘာမှပုံသေ တွက်လို့မရဘဲ ဖြစ်နေတာ ဖြစ်ပါတယ်။ အမှန်တော့ အားကိုးချင်ရင် သားသမီးစည်းစိမ် ဥစ္စာတွေ အားကိုးနေကြတာထက် ကိုယ်လုပ်တဲ့ ကုသိုလ်တွေကိုပဲ အားကိုးရမှာ ဖြစ်ပါတယ်။ မသေခင် ကိုယ်လုပ်ခဲ့တဲ့ ကိုယ့်ရဲ့ကံတွေကသာ ကိုယ့်ရဲ့အရိပ်သဖွယ် ကိုယ့်နောက်ကို လိုက်နေမှာ ဖြစ်ပြီး သေပြီးနောက်မှာလည်း ကိုယ်နဲ့အတူ တစ်ခါတည်းပါသွားမှာ ဖြစ်ပါတယ်။ ဒါကြောင့် အားကိုးရာ အမှန်ဖြစ်တဲ့ ကုသိုလ်တွေကိုပဲ တတ်နိုင်သမျှ ယူဆောင်ကြဖို့ တိုက်တွန်းကြခြင်း ဖြစ်ပါတယ်။



အချစ်ဆိုတာ…

လူတစ်ဦးနဲ့ တစ်ဦးကြားမှာ နားလည်မှုက အရမ်းအရေးကြီးပါတယ်။ နားလည်မှုမရှိရင်၊ နားလည်မှု မပေးနိုင်ရင် တစ်ဦးနဲ့တစ်ဦး အကြာကြီး ဆက်ဆံလို့ မရကြပါဘူး။ အချစ်ဆိုတာ နားလည်ခြင်းပဲလို့ ဆိုတဲ့အတိုင်း နားလည်မှု မရှိရင် ချစ်လို့လည်း မရပါဘူး။ အချစ်မရှိရင် အပြစ်ပဲ ကြည့်တတ်ပါတယ်။ အပြစ်ကြည့်ပြီဆိုရင်တော့ နားလည်မှုလည်း ပေးလို့မရ ဖြစ်လာတတ်ပါတယ်။ တကယ်တော့ ဘယ်လောက်ပဲ အချစ်ကြီးတယ်ပဲ ပြောပြော နားလည်မှုလွဲလာပြီဆိုရင် အချစ်တွေလည်း လျော့လာတတ်ပါတယ်။ နားလည် ပေးခြင်းဟာ ချစ်နေခြင်းပဲဖြစ်တဲ့အတွက် အချစ်ရှည်ချင်ရင် နားလည်မှုလည်း ရှည်အောင်ကြိုးစားသင့်ပါတယ်။ နားလည်မှုရှည်ဖို့အတွက် နားလည်မှု ပေးဖို့လိုပါတယ်။ နားလည်မှုရအောင် လုပ်ယူဖို့လိုပါတယ်။



အစာမကြေ ဖြစ်ကြတဲ့ခါ…

တကယ်တော့ ဘယ်သူမဆို တစ်နည်းမဟုတ်တစ်နည်း အမှားလေးတွေ လုပ်မိတတ်ပါတယ်။ တစ်ခါတစ်လေ စေတနာမပါဘဲ ရုတ်တရက်ဖြစ်သွားတတ်တဲ့ အလွဲအချော်လေးတွေ၊ အပြောမှား၊ အလုပ်မှားလေးတွေ ရှိတတ်ပါတယ်။ အဲဒီလို ရှိလာတဲ့အခါ သူသူကိုယ်ကိုယ် ကိုယ်ချင်စာတရားနဲ့ နားလည်ပေးနိုင်အောင် ကြိုးစားသင့်ပါတယ်။ အကယ်၍ သူ့နေရာမှာ ကိုယ်ဆိုရင်လည်း ဒီလိုဖြစ်မိမှာပဲလို့ သူ့နေရာကနေ အစားထိုး တွေးကြည့်သင့်ပါတယ်။ သူမှားသလို ကိုယ်လည်းမှားဖူးတတ်တာ လေးတွေကို သတိရပြီး ခွင့်လွှတ်နိုင်အောင် ကြိုးစားသင့်ပါတယ်။ နားလည်မှုပေးနိုင်အောင် အားထုတ်သင့်ပါတယ်။ အဲလိုမှမဟုတ်ဘဲ မှားတတ်တဲ့အပေါ်မှာ အပြစ်တွေပဲ မြင်နေမယ်ဆိုရင်တော့ ကြာရင် တစ်ဦးနဲ့တစ်ဦးကြား အစာမကြေမှုတွေ ဖြစ်လာတတ်ပါတယ်။ ကိုယ်က အစာမကြေဖြစ်လာရင် တစ်ဘက်ကလည်း ပြန်ဖြစ်တတ်ပါတယ်။ ဒီလိုနဲ့ နှစ်ဦးနှစ်ဘက်လုံး အစာမကြေတာတွေများပြီး နောက်ဆုံးမှာ မခေါ်မပြောနိုင်၊ မမြင်မကြည့်နိုင်တဲ့အထိ ဖြစ်လာကာ အမုန်းကြီးမုန်းတဲ့အထိ ဖြစ်ကုန်တတ်ပါတယ်။ ဒါဟာ အသေးအဖွဲ့ နားလည်မှုလွဲတာလေးက စခဲ့တဲ့ ပြဿနာပဲ ဖြစ်ပါတယ်။ ဒါကြောင့် အစာမကြေ ဖြစ်ကြရခြင်းရဲ့ အကြောင်းဖြစ်တဲ့ နားလည်မှု လွဲတာလေးတွေကို ထိပ်တိုက်တွေ့ဆုံခြင်းနဲ့ ဖြေရှင်းကြဖို့ ဆိုကြခြင်း ဖြစ်ပါတယ်။



ပဋ္ဌာန်းဆက်…

ပဋ္ဌာန်းဆက်ဆိုတာ အကြောင်းအကျိုး ဆက်စပ်မှုကို ပြောတာဖြစ်ပါတယ်။ ဒီဘ၀ တွေ့ကြဆုံကြ ရတာတွေဟာ တကယ်တော့ ပဋ္ဌာန်းဆက်ကြောင့်ပဲ ဖြစ်ပါတယ်။ မရေမတွက်နိုင်တဲ့ ဘ၀တွေမှာ ပြေးသွားကျင်လည်ကြရတဲ့ သတ္တ၀ါတွေအနေနဲ့ မဖြစ်ဖူးတဲ့ ဘ၀ဆိုတာ မရှိနိုင်ပါဘူး။ တစ်ချိန်ချိန်မှာ အဖေဖြစ်ချင်လည်း ဖြစ်ခဲ့ကြမှာပါ။ အမေဖြစ်ချင်လည်း ဖြစ်ခဲ့ကြမှာပါ။ အစ်ကိုအစ်မ၊ ညီညီမ၊ ဇနီးမယား လင်ယောကျာ်း စသဖြင့် ဘ၀အစုံစုံမှာ တစ်မျိုးမျိုးတော့ ဖြစ်ခဲ့ကြမှာ သေချာပါတယ်။ ဒီလို အကြောင်းတရားတွေ ရှိခဲ့ကြလို့လည်း ဒီဘ၀မှာ အကျိုးတရား အနေနဲ့ လာဆုံဖြစ်ခဲ့ကြတာ ဖြစ်ပါတယ်။ လာဆုံတဲ့အခါမှာလည်း တစ်ချို့က အကောင်းတွေနဲ့ ဆုံကြပေမယ့် တစ်ချို့ မကောင်းတွေနဲ့ ဆုံကြရပြန်ပါတယ်။ ဒါကတော့ ပဋ္ဌာန်းဆက်ကောင်းတဲ့ သူက အကောင်းဆုံမှာဖြစ်ပြီး ပဋ္ဌာန်းဆက် မကောင်းတဲ့သူက မကောင်းဆုံရမယ့် သဘောပဲ ဖြစ်ပါတယ်။ ဘယ်လိုပဲ ဆုံဆုံ ဒါဟာ အကြောင်းကြောင့် အကျိုးဖြစ်တဲ့ သဘောပဲ ဖြစ်ပါတယ်။ ဒီလိုအကြောင်းအကျိုးတွေ ဖြစ်နေကြတာကိုပဲ ဒီခေတ်စကားနဲ့ ပဋ္ဌာန်းဆက်ရှိနေကြတာလို့ ဆိုကြခြင်း ဖြစ်ပါတယ်။



ပဋ္ဌာန်းဆက်ကို ဖြတ်နိုင်မှ…

ဒီဘ၀မှာ တစ်ဦးနဲ့တစ်ဦး တွေ့ကြဆုံကြရတာတွေဟာ အကြောင်းအကျိုး ဆက်စပ်မှု ပဋ္ဌာန်းဆက်ကြောင့်ပဲ ဖြစ်ပါတယ်။ တစ်ဘက်က ပြန်ကြည့်ရင်လည်း ဒီလို ပဋ္ဌာန်းဆက်တွေ ရှိနေသမျှ ဘ၀မှာ သံသရာရှည်မှုတွေက ရှိနေကြဦးမှာ ဖြစ်ပါတယ်။ ဒီလို အကြောင်းတရားတွေ ရှိနေသမျှ အကျိုးတရားအနေနဲ့ ဆင်းရဲတွေလည်း ရှိနေကြရဦးမှာ ဖြစ်ပါတယ်။ ပဋ္ဌာန်းဆက်တွေကို မဖြတ်နိုင်သေးသမျှ နောက်ထပ် အဆက်အဆက်တွေက ထပ်ထပ်ဖြစ်နေကြဦးမှာ ဖြစ်ပါတယ်။ ဒီဘ၀မှာ ပဋ္ဌာန်းဆက်ကောင်းလို့ သူတော်ကောင်းတွေနဲ့ တွေ့သူတွေ ရှိကြသလို၊ ပဋ္ဌာန်းဆက် မကောင်းတဲ့အတွက် မကောင်းတဲ့ သူတွေနဲ့ တွေ့ကြဆုံကြ ကြုံကြရသူတွေလည်း ရှိနေကြပေမယ့် ဘယ်လိုလူမျိုးတွေနဲ့ပဲ ကြုံကြုံ ပဋ္ဌာန်းဆက်တွေကို မဖြတ်နိုင်သေးရင်တော့ တစ်ခါပြန်ပြီး ဆုံကြရဦးမှာ ဖြစ်ပါတယ်။ တစ်ခါဆုံတဲ့ အခါမှာတော့ အကောင်းအဆိုးတွေနဲ့ ကြုံမကြုံဆိုတာ သေချာပေါက် မပြောနိုင်ပါဘူး။ အကောင်းဆုံးကတော့ အသေချာဆုံးဖြစ်တဲ့ ဒီဘ၀မှာပဲ ပဋ္ဌာန်းဆက်တွေကို ဖြတ်နိုင်အောင် ကြိုးစားတာ အကောင်းဆုံးပါပဲ။



အပေးအယူ…

အပေးအယူ သဘောဟာ မှန်ကြည့်သလိုပါပဲ။ မှန်ကြည့်တဲ့အခါ ကိုယ့်ပုံရိပ် ကိုယ်ပြန်မြင်ရသလို အပေးအယူမှာလည်း ကိုယ်ပေးတာ ကိုယ်ပြန်ရတဲ့ သဘောပဲ ဖြစ်ပါတယ်။ ဒါကြောင့် ကိုယ်ပေးတဲ့အခါ အကောင်းပေးရင် ကိုယ်လည်းအကောင်း ရမှာဖြစ်ပြီး အဆိုးပေးရင်တော့ အဆိုးပဲ ပြန်ရမှာဖြစ်ပါတယ်။ ဆိုလိုတာက ဘယ်သူမဆို အပေးအယူသဘောမှာ အပေးကောင်းရင် အရကောင်းမှာဖြစ်ပြီး အပေးဆိုးရင် အရဆိုးမှာပဲလို့ ဆိုလိုတာပါ။ ဒီတော့ကား ရယူချင်တဲ့သူတွေ အနေနဲ့ ကိုယ်ယူချင်တဲ့အရာဟာ အဆိုးလား အကောင်းလားဆိုတာ စဉ်းစားပြီး အကောင်းလိုချင်ရင်တော့ ကိုယ်ကအရင်စပြီး အကောင်းပေးကြည့်ဖို့တော့ လိုပါတယ်။



ပေးတာဟာယူတာပါပဲ…

လူ့ဘ၀မှာ လူတစ်ဦး တစ်ယောက်ချင်းနဲ့ ဆက်ဆံတဲ့အပိုင်းမှာ အပေးအယူ သဘောက အရမ်းအရေးကြီးပါတယ်။ ပေးတယ်ဆိုတာ ပစ္စည်းဝတ္ထုကိုပေးမှ ပေးတာမဟုတ်ပါဘူး။ နေ့စဉ် ပြုမူနေထိုင် ပြောဆိုနေကြတာ တွေဟာလည်း တကယ်တော့ အပေးအယူ လုပ်နေကြတာပါပဲ။ ဒါကြောင့် တစ်ဘက်သူက ကိုယ့်ကို ကောင်းကောင်းမွန်မွန် ပြုမူဆက်ဆံ ပြောဆိုနေထိုင် စေချင်ရင် အရင်ဆုံး ကိုယ်ကိုယ်တိုင်က အကောင်းတွေနဲ့ ဆက်ဆံပြဖို့ လိုပါတယ်။ တစ်ဘက်က ကိုယ့်ကို ပြုံးပြစေချင်ရင် ကိုယ်ကိုယ်တိုင်က အရင်ပြုံးပြပေးဖို့ လိုပါတယ်။ သူများက ကိုယ့်ကို အကောင်းပြောစေချင်ရင် ကိုယ်ကအရင် အကောင်းပြောပေးရပါတယ်။ သူများက ကိုယ့်ကိုအရိုအသေ အလေးဂရုပြုစေချင်ရင် ကိုယ်ကိုယ်တိုင်ကအရင် တစ်ဘက်သားကို ရိုသေလေးစားပေးရပါတယ်။ ဒါဟာ သဘာဝကျတဲ့ အပေးအယူ သဘောပဲ ဖြစ်ပါတယ်။ အကောင်းပေးမှ အကောင်းရမှာ ဖြစ်ပါတယ်။ အဲလိုမှ မဟုတ်ဘဲ ကိုယ်ကလိုချင်တာက အကောင်းဖြစ်ပြီး ကိုယ်ကိုယ်တိုင် ပေးနေတာက အဆိုးတွေ ဆိုရင်တော့ ပေးတဲ့အတိုင်း အဆိုးပဲ ရနေမှာ ဖြစ်ပါတယ်။



ဘောင်မကျော်ပါစေနဲ့…

ဘောင်ဆိုတာ အနားသတ် အကန့်စည်းကမ်း သတ်မှတ်ချက်ကို ဆိုတာဖြစ်ပါတယ်။ ဒီနေရာမှာ အထူးသတိပြုရမှာက ဘောင်တွေ ကနားတွေဟာ ပညတ်သတ်မှတ်ချက်တွေ ဖြစ်တဲ့အတွက် ဒီဘောင်တွေကို အာရုံထားနေရင် အမြင်ကျဉ်းပြီး အကျိုးမကြီး ဖြစ်တတ်တာကြောင့် ကိုယ့်ကိုယ်ကို ဘောင်ခတ်မထားနဲ့လို့ ဆိုလာသူတွေ အနေနဲ့ ဘောင်ဆိုတာ လွတ်မြောက်မှုကို မရသေးသူတွေ အတွက် အထိန်းအကွပ် တစ်ခုအဖြစ် လိုအပ်တဲ့အရာများ ဖြစ်ပြီး ဒီလိုအပ်ချက်တွေကို လျစ်လျူရှုကာ ဘောင်တွေကျော် လုပ်မိရင်တော့ ပစ္စုပ္ပန် သံသရာ နှစ်ဖြာဆိုကျိုးတွေပဲ ဖြစ်စေတတ်တယ်ဆိုတာ သတိပြုကြဖို့ လိုပါတယ်။ ဘောင်ကျော်လာပြီဆိုရင် အစွန်းရောက်လာတာ ဖြစ်တဲ့အတွက် အစွန်းရောက်တဲ့ အလုပ်မှန်သမျှ ဘယ်အလုပ်မှ မကောင်းဘူးဆိုတာ မမေ့ကြဖို့ လိုပါတယ်။



ဒီလိုသာဆိုရင်…

တစ်ချို့တွေ့ဖူးပါတယ်။ ငယ်ငယ်တုန်းကလည်း ဟိုကိစ္စ ဒီကိစ္စတွေကြောင့် အနှစ်ရှိတဲ့ ကုသိုလ်တရားတွေမှာ ကြိုးစားအားထုတ်မှု မရှိခဲ့သလို အသက်အရွယ် ကြီးလာပြန်တော့လည်း ကိုယ့်ဘ၀အတွက်၊ ကိုယ့်သံသရာအတွက် ကြိုးစားအားထုတ်ရမယ့် အရာတွေကို မလုပ်နိုင်သေးဘဲ ဟိုအတွက်ပူရ၊ ဒီအတွက်ပူရ၊ ဟိုမှာပျော်ရ၊ ဒီမှာပျော်ရ၊ ဟိုဟာဖြတ်မရ၊ ဒါဖြတ်မရနဲ့ဘဲ အချိန်တွေကို ကုန်လွန်နေကြတာတွေပါ။ အဲဒီလို ဟိုသံယောဇဉ် ဒီသံယောဇဉ်တွေကြောင့် တကယ်လုပ်ရမယ့် ကုသိုလ်အရေးတွေကို မလုပ်နိုင်ဘဲ မေ့မေ့လျော့လျော့ နေခဲ့တာတွေဟာ သေခါနီးကျတော့မှ အားကိုးရာအစစ် မရှိလို့ ကုသိုလ်အနှစ်တွေ လုပ်ကြမယ် ဆိုပြန်တော့ အချိန်တွေနှောင်းပြီး စိတ်သွားတိုင်း ကိုယ်မပါဖြစ်ကာ နောက်ဆုံးဘ၀ဟာ အနှစ်မပါဘဲ အဆုံးသတ်သွားကြရတဲ့ အဖြစ်နဲ့ပဲ နိဂုံးချုပ်သွားခဲ့ရပြန်ပါတယ်။ ဒါကြောင့် ဒီလိုအဖြစ်မျိုးနဲ့ မကြုံရအောင် အချိန်ရှိတုန်း လုပ်နိုင်နေတုန်း လုပ်လို့ရတာ လုပ်ကြဖို့ ဆိုခြင်းဖြစ်ပါတယ်။ အဲလိုမှ မဟုတ်ရင်တော့…။



အရှင်ဝိစိတ္တ (မနာပဒါယီ) http://www.venvicitta.com

Facebook စာမျက်နှာ

http://www.facebook.com/note.php?note_id=167004769986479

No comments:

Post a Comment